Saturday, November 16, 2013

ရခိုင်တွင် အကူအညီ ပေးသူများကို နှောင့်ယှက်မှုများ အရေးယူရန် အမေရိကအစိုးရ တိုက်တွန်း

0 comments

Saturday, November 16, 2013

ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာထောက်ထားသော အကူအညီ ပေးနေသည့် ဝန်ထမ်းများကို နှောင့်ယှက်သူ၊ ခြိမ်းခြောက်သူ၊ အန္တရာယ် ပြုသူများကို လျင်မြန် ပြတ်သားစွာ အရေးယူရန် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် ပြည်ထောင်စု သံရုံးက ကြေညာချက် တစ်စောင်ကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အမေရိကန်၊ ဆွစ်ဇာလန်နိုင်ငံ သံအမတ်များနှင့် ဗြိတိန်သံရုံးမှ ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့သည် နိုဝင်ဘာလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင် ရခိုင် ပြည်နယ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ် အပြီးတွင် ယင်းသို့ ထုတ်ပြန်ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပွားမှု တစ်နှစ်ကျော် ကြာမြင့်လာပြီ ဖြစ်သော်လည်း လူသားချင်း စာနာထောက်ထားသည့် အခြေအနေ များမှာ စိုးရိမ်နေရဆဲ ဖြစ်ကြောင်း၊ ၎င်းတို့အဖွဲ့ သွား ရောက်ခဲ့သည့် မြေပုံ၊ ပေါက်တော ခရီးစဉ်တွင် မွတ်ဆလင် ဒုက္ခသည် များမှာ ကျန်းမာရေး၊ ပညာရေး၊ သက်မွေးဝမ်းကျောင်းဆိုင်ရာ အခြေခံကျသည့် အချက်များပင် လုံလောက်မှု မရှိသေး ကြောင်း အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင် တိုင်းရင်းသားများ၏ လူ့အဖွဲ့အစည်း၊ ယဉ်ကျေးမှု၊ ဂုဏ်ယူစရာ သမိုင်းကြောင်းများ၏ အနာဂတ်အတွက် ကြောက်ရွံ့မှု၊ မလုံခြုံမှုတို့ ခံစားနေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ သို့သော်လည်း ယင်းကြောက်ရွံ့မှု၊ မလုံခြုံမှုများသည် သူတစ်ပါးကို စော်ကား ရန်စရန် မဟုတ်ကြောင်း၊ လူသားချင်း စာနာသည့် အသက်ပစ္စည်းများ ဖြန့်ဝေနေသည့် လုပ်ငန်းများအပေါ် ဝင်ရောက် စွက်ဖက်မှု ကို နိုင်ငံတကာက လက်ခံမည် မဟုတ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြသည်။

နိုင်ငံတကာ အဖွဲ့အစည်းများကို ဒေသခံ တိုင်းရင်းသားတွေက နှောင့်ယှက်ခြင်း မရှိကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ အနေနှင့် အကူအညီ ပေးရာတွင် နိုင်ငံတကာမှ ချမှတ်ထားသော စည်းမျဉ်းများကို လိုက်နာရန် လိုအပ်ပြီး ဒေသခံ တိုင်းရင်းသား များ၏ ယဉ်ကျေးမှုနှင့် သမိုင်း ကြောင်းကို သေချာနားလည်ရန် လိုအပ်ကြောင်း ရခိုင် အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောကြားသည်။
“နိုင်ငံတကာ အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်ရေးအရ သွေးထိုး လှုံ့ဆော်မှုတွေလုပ်မယ် ဆိုရင်တော့ ဘယ်တိုင်းရင်းသားကမှ ထောက်ခံမှာ မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

လူ့အဖွဲ့အစည်းနှစ်ခု အတူတကွ နေထိုင်နိုင်ရေးအတွက် လူသားချင်း စာနာသည့် အကူအညီများ ပေးရာတွင် ပွင့်လင်းမြင်သာမှု ရှိရန်နှင့် မျှတမှုရှိရန် လူသားချင်း စာနာသည့် အကူအညီများ ပေးနေသည့် ရခိုင်ပြည်နယ်ရှိ NGO နှင့် INGO များကို ရခိုင်ပြည် နယ် ဝန်ကြီးချုပ်က နိုဝင်ဘာလ ၄ ရက်နေ့က သတိပေး ပြောဆိုခဲ့သည်။

လူ့အဖွဲ့အစည်း နှစ်ခုကြား ခွဲခြား ဆက်ဆံသည်ဟု ဆိုကာ INGO နှင့် NGO များကို အောက်တိုဘာလ ၃ ရက်နေ့က စစ်တွေမြို့ ပြည်သူ့ဆေးရုံဝင်းတွင် မြို့ခံလူထု ၃၀၀ကျော်က ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

အလားတူ နိုဝင်ဘာလ ၂ ရက်နေ့က ပေါက်တောမြို့နယ်တွင် ဖြစ်ပွား ခဲ့သည့် အကြမ်းဖက်မှုတွင် ဒဏ်ရာရရှိသည့် ဘင်္ဂါလီများကို INGO တစ်ခုက Speed Boat ဖြင့် ခေါ်ဆောင်ကာ စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲသည့် ရခိုင် အမျိုးသမီးကို ခေါ်ဆောင်ခြင်း မရှိဟုဆိုကာ INGO နှင့် NGO များ နှစ်ရက်အတွင်း ထွက်ခွာပေးရန် ကြေညာချက် တစ်စောင်ကို မြို့လူထုက နိုဝင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here