Monday, November 11, 2013

ကျပ်သိန်းနှစ်ထောင် ပြန်ပေးဆွဲမှု ကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးဟုဆို

0 comments
တွံတေးမြို့နယ်တွင် လွန်ခဲ့သော လေးရက်က ဖြစ်ပွားခဲ့သော ဆိုင်ကယ် စီးလာသည့် ဇနီးမောင်နှံ ကို ငွေကျပ် သိန်းနှစ်ထောင်ဖြင့် ပြန်ပေးဆွဲမှု ကျူးလွန် ထွက်ပြေး တိမ်းရှောင်နေသူများကို ဖမ်း ဆီးနိုင် ခြင်းမရှိသေးဘဲ ရှာဖွေစုံစမ်းနေဆဲ ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦး က The Voice သို့ နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၈ နာရီခန့်တွင် ပြောကြားသည်။

ဇနီးမောင်နှံကို သိန်းနှစ်ထောင်ဖြင့် ပြန်ပေးဆွဲပြီး ရဲတပ်ဖွဲ့ဝင်ကို ဓားဖြင့်ခုတ်ကာ ထွက်ပြေး တိမ်းရှောင်နေသူ သုံးဦးကို ဖမ်းဆီးရမိရေးအတွက် ၎င်းတို့၏ မျက်နှာကို ခဲပန်းချီဖြင့် ပုံတူရေးဆွဲပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင် ရဲတပ်ဖွဲ့များသို့ သတင်းပေးပို့ ထားကြောင်း၊ ရန်ကုန်တိုင်း အတွင်းရှိ မြို့ဝင်မြို့ထွက် ဂိတ်များတွင် လူဝင်လူထွက်များကို ရှာဖွေ စုံစမ်းလျက် ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြန်ပေးဆွဲသူများကို တင်ဆောင် ခဲ့သော ဟွန်ဒါဖစ် ယာဉ်တစ်စီးကို ရဲတပ်ဖွဲ့ဝင်များက စုံစမ်း ရှာဖွေလျက်ရှိရာ နိုဝင်ဘာလ ၇ ရက် နံနက် ၂ နာရီခန့်က မသင်္ကာသော ယာဉ်တစ်စီးကို ရဲတပ်ဖွဲ့ဝင် များက လိုက်လံ ဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါယာဉ်သည် ရွှေပြည်သာတံတား အလယ်ရွာအနီးတွင် အခြားယာဉ် တစ်စီးဖြင့် တိုက်မိရာမှ ရပ်တန့်နေစဉ် တွံတေးမြို့နယ် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဝင်ရောက် ဖမ်းဆီးခဲ့ရာ ယာဉ်ပေါ်မှ လူတစ်ဦးက ဓားဖြင့်ခုတ်ခဲ့ပြီး အလယ်ရွာတွင်းသို့ ထွက်ပြေး လွတ်မြောက် ခဲ့ကြောင်း လှိုင်သာယာမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ရှင်းပြသည်။“သူ့ကိုသာ မိခဲ့ရင် ကျန်တဲ့လူ နှစ်ဦးကို မိဖို့လွယ်တာပေါ့” ဟု ၎င်းက ပြောဆိုသည်။

တွံတေးမြို့နယ် ဘုရားကြီး ကျေးရွာတွင် နေထိုင်သူ ဦးကျော်မင်းဦးတို့ ဇနီးမောင်နှံသည် နိုဝင်ဘာလ ၆ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က မယားညီအစ်ကို၏ ရုံးချိန်းသို့ သွားရောက်ရန် ဒလမြို့သို့ ဆိုင်ကယ်ဖြင့် မောင်းလာစဉ် ပိတ်စွယ်ကျေးရွာ ကားလမ်းဘေးတွင် အမျိုးသားသုံးဦးက ဆိုင်ကယ်ကိုတားပြီး ဦးကျော်မင်းဦး၏ မျက်နှာကို ခါးပတ်ဖြင့် ရိုက်ကာ ၎င်းတို့ကို ကြိုးဖြင့် တုပ်နှောင်၍ ကားပေါ်ဆွဲတင်ခဲ့ပြီး လှိုင်သာယာမြို့နယ်ဘက်သို့ ခေါ်ဆောင်ခဲ့ကြောင်း လှိုင်သာယာမြို့နယ် မြို့မရဲစခန်းထံမှ သိရှိရသည်။

ယင်းသို့ ခေါ်ဆောင်သွားစဉ် ၎င်းတို့ ဇနီးမောင်နှံကို လက်ထိတ်ခတ်ပြီး ဓားဖြင့်ထောက်ကာ မအော်ရန် ခြိမ်းခြောက်ခဲ့ကြောင်း၊ လှိုင်သာယာမြို့နယ် တိုးဂိတ်အဝင်တွင် မျက်စိကို တိပ်အဝါဖြင့် ပိတ်ခဲ့ကြောင်း၊ ယင်းနောက် အခန်းကျဉ်းအတွင်း ထည့်သွင်း ပိတ်လှောင်ခဲ့ကြောင်း ဖမ်းဆီးခံရသူ အမျိုးသမီးက ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၇ ရက် နံနက် ၂ နာရီခန့်တွင် ပြန်ပေးဆွဲခံရသူ နှစ်ဦးကို တင်ဆောင်လာသော ယာဉ်မှာ ဘီးပေါက်သောကြောင့် ဓားစာခံနှစ်ဦးကို လမ်းဘေးချုံပုတ်တွင် ထားခဲ့ပြီးနောက် ဆိုင်ကယ်တစ်စီးက ၎င်းတို့ကို ခေါက်တုံ့ခေါက်ပြန် မောင်းကာ စောင့်ကြည့်နေခဲ့ကြောင်း၊ သို့သော် လူလစ်သော အချိန်တွင် မျက်စိ ပိတ်ထားသော တိပ်ကိုခွာ၍ နှစ်ဦးသား ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း ပြန်ပေး ဆွဲခံရသူ အမျိုးသား ဦးကျော်မင်းဦးက ပြောကြားသည်။ (သတင်းဖော်ပြပြီး The Voice Weekly Vol .9/No. 44)

ပြန်ပေးဆွဲသူ သုံးဦးအနက် ကိုကထီးဟု ဆိုသူက ဇနီးမောင်နှံ နှစ်ဦး၏ ညီမဖြစ်သူ ဒေါ်မိုးမိုးအောင်ထံ ဖုန်းဖြင့် ဆက်သွယ်ကာ နိုဝင်ဘာလ ၇ ရက် နံနက် ၁ နာရီတွင် လှိုင်သာယာ ဘီအိုစီ အဝိုင်း၌ ငွေကျပ် သိန်းနှစ်ထောင်ဖြင့် လာရောက်ရွေးရန် ပြောဆိုခဲ့သောကြောင့် ရဲစခန်းသို့ ဆက်သွယ် တိုင်ကြား ခဲ့ပြီး ရွှေလင်ဗန်း စက်မှုဇုန်ရှိ အဝိုင်းအနီးသို့ ပြောင်းရွှေ့ ချိန်းဆိုသောကြောင့် ရဲတပ်ဖွဲ့ဝင်များက ကင်းပုန်း ဝပ်ကာ စောင့်ဆိုင်းနေခဲ့ကြောင်း လှိုင်သာယာမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းလင်း ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များ စောင့်ဆိုင်းနေစဉ် ဟွန်ဒါဖစ် ယာဉ်တစ်စင်းကို မသင်္ကာသောကြောင့် လိုက်လံ စစ်ဆေးစဉ် အဆိုပါယာဉ်မှာ မောင်းပြေးခဲ့ပြီး ရွှေပြည်သာတံတား အလယ်ရွာထိပ်တွင် အခြားယာဉ် တစ်စင်းကို တိုက်မိရာမှ ရပ်တန့်သွားချိန်တွင် ရဲတပ်ဖွဲ့ဝင်များက ယာဉ်မောင်းကို ဖမ်းဆီးရာ ယာဉ်မောင်း က ဓားဖြင့် ခုတ်သောကြောင့် တွံတေးရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး ဦးခေါင်းနှင့် ညာဘက် လက်မောင်း တို့တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကာ ၎င်းယာဉ်မောင်းမှာ ထွက်ပြေး လွတ်မြောက် သွား ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here