Friday, November 1, 2013

ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် ဒေါက်တာဆလိုင်းလျံမုန်းတို့နှင့် အင်တာဗျူး

0 comments
1.11.2013
အားလုံး၏တူညီမှုအပေါ်တွင်ပြန်လည်ထူထောင်ရန်အကောင်းဆုံးအချိန်ဖြစ်နိုင်ငံရေးဆွေးနွေးပွဲအတွက်
အာမခံချက်ရှိလျှင်အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးမည်။တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကွန်ဖရင့် သဘောထားတူညီမှု ထွက်ပေါ်လာမည့် အပေါ် ပြည်တွင်းပြည်ပမီဒီယာများ၏မေးမြန်း ချက်များကို ညီညွတ်သော တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ(UNFC) မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် ချင်းအမျိုးသား တပ်ဦး(CNF)မှ ဒေါက်တာဆလိုင်းလျံမုန်းတို့ကပြန်လည်ဖြေကြား ခဲ့သည်။ ယင်းဖြေကြားချက်များကို ဖော်ပြပေး လိုက်ပါသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာ

မေး။    ။ ဒီကနေ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကွန်ဖရင့်ကနေပြီးဘုံသဘောထားတစ်ရပ် ရေးဆွဲမယ်လို့ သိရပါတယ်။ ဘယ်လိုရေးဆွဲမယ် ဆိုတာ သိပါရစေ။

ဖြေ။     ။ အစိုးရ၊ UNFC ၊ WGEC အဲ့ဒီသုံးခု ပေါင်းပြီး ဆလိုင်းလျံမုန်းဦးဆောင်ပြီး ဒီညပဲ ဘုံသဘောထား တစ်ရပ်ရေးဆွဲမယ်။

မေး။    ။ မနက်ဖြန်ကိုသိနိုင်မလားခင်ဗျ။

ဖြေ။     ။ မနက်ဖြန်ဆိုသိနိုင်ပါပြီ။

မေး။    ။သဘောတူညီချက်ကဘာတွေရပြီလဲဗျ။

ဖြေ။     ။ သဘောတူညီချက်က အဲ့ဒါပဲခင်ဗျ။ အစိုးရမူရယ်။ UNFC မူရယ်၊ WGEC မူရယ် အဲ့ဒီသုံးခုကို ပေါင်းပြီး ဘုံသဘောထားချက် ရေးဆွဲမယ်။ အားလုံးလိုက်ပါနိုင်အောင်ဆိုတာ အားလုံးကိုင်ထားတဲ့မူလေးတွေ ကရှိကြတယ်။ သူဟာသူ၊ ကိုယ်ဟာကိုယ် အားလုံးသဘောတူ တဲ့ဘုံသဘောထားကိုရအောင် ကြိုးစားမှာဖြစ် တယ်။ အဲ့ဒါလဲ သိပ်အခက်ကြီးတော့မဟုတ် ပါဘူး။ မနက်ဖြန်နံနက် ၉ နာရီမှာ အကြမ်း ထွက်လာမယ်။ မနက်ပိုင်းထမင်းမစားခင်မှာ အချောထွက်လာမယ်။ အချိန်နဲ့တွက်ချက်ပြီး တော့လုပ်ထားပါတယ်။

မေး။    ။ နိုဝင်ဘာလ ၁ ရက်နေ့မှာ တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်ကဆုံးဖြတ် ချက်ချလို့ရနိုင်မလား။

ဖြေ။     ။ ဟုတ်ကဲ့။ ဆက်လက်ရှုစားတော်မူ ကြပါ။

မေး။    ။ ဒီနေ့မှာမတူညီတဲ့အချက်တွေကဘာလို့ ပြောလို့ရမလဲ။

ဖြေ။     ။ မတူညီဘူးလို့တော့ပြောလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ အပစ်အခတ်ရပ်စဲရေး မှာပဲ ဦးစားပေးမလား။ နိုင်ငံရေးဆွေးနွေးပွဲ ရောက်တဲ့အထိကို အခိုင်အမာထည့်မလား။ နိုင်ငံရေးဆွေးနွေးပွဲအထိ အခိုင်အမာထည့်မယ် ဆိုရင် မည်ကဲ့သို့သောအကြောင်းအရာတွေကို ပါစေချင်သလဲဆိုတာ တချို့ကတော့ဒီအကြောင်း အရာမျိုးက နိုင်ငံရေးဆွေးနွေးပွဲ တကယ်ဖြစ်မှ ထည့်ပါ။ တချို့ကလဲ မဟုတ်ဘူး။ အပစ်အခတ် ရပ်စဲရေးသဘောတူကတည်းကနိုင်ငံရေးဆွေးနွေး ပွဲအတွက် သေချာရေရာတဲ့အစီအစဉ်တွေကို ထည့်ထားပါ။

မေး။    ။ဆွေးနွေးပွဲအစီအစဉ်ကိုမနက်ဖြန်မှာ ပြီးပြတ်သွားဖို့ရှိလား။ ရက်ထပ်တိုးဖို့ရှိလား။

ဖြေ။     ။ ရက်ထပ်တိုးဖို့ ရှိကောင်းရှိလာပါလိမ့် မယ်ခင်ဗျ။ တိုးဖို့ဆိုတာက ဒီလိုရှိပါတယ်။ ဘုံသဘောထားကျဖို့ဆိုတာ ဘုံသဘောထားရဲ့ လမ်းညွှန်ချက်ကိုကိုင်စွဲပြီးတော့ အလုပ်လုပ်မယ် ဆိုရင် ဘယ်သူလုပ်မလဲ။ အဲ့ဒီ အလုပ်လုပ်မယ့် သူကို ကျွန်တော်တို့ကထပ်ပြီး ရွေးချယ်ခန့်ထားရ မှာဖြစ်တော့ နိုဝင်ဘာ ၂ ရက် လောက်ထိကို ရောက်သွားနိုင်တယ်။ လမ်းညွှန်ချက်အတွက် အလုပ်လုပ်မယ့်သူရှာရမယ်ဆိုတော့ ဘုံသဘော ထားက မနက်ဖြန်ထွက်မယ်။

မေး။    ။ ဒီသဘောတူညီချက်ကရောအင်အား နှစ်သောင်းကျော်ရှိတဲ့ 'ဝ'အဖွဲ့နဲ့ကော အချိတ် အဆက်ရှိလား။ သူတို့ကကန့်ကွက်ရင်ကော။

ဖြေ။     ။ ကန့်ကွက်တယ်၊ မကန့်ကွက်ဘူး ဆိုတာတော့ ကျွန်တော်မသိနိုင်ဘူး။ ဒီမှာတက် ရောက်တဲ့သူတွေ အရင်ထောက်ခံဖို့လိုတယ်။တက်ရောက်တဲ့သူတွေမကန့်ကွက်ရင် တော်တော် အလုပ်ဖြစ်ပြီ။ တက်ရောက်တဲ့သူတွေအားလုံး ထောက်ခံရင် ကျွန်တော်တို့လုပ်ဖော်ကိုင်ဖက် တွေကို သွားရောက်ရှင်းပြရမှာဖြစ်ပါတယ်။

မေး။    ။ အစိုးရဘက်ကနေ အပစ်အခတ်ရပ်စဲ ရေးအတွက် စတင်ကမ်းလှမ်းတာဆိုတော့ ဒီ ဆွေးနွေးပွဲမှာသဘောတူလက်ခံမယ်ဆိုတဲ့အချက် အလက်တွေပါနိုင်မလားခင်ဗျ။

ဖြေ။     ။ နိုင်ငံရေးဆွေးနွေးပွဲအတွက် အာမခံ ချက် ရှိတယ်ဆိုရင် အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးမယ်။ သဘောတူပြီဆိုတာနဲ့ အပစ် အခတ်ရပ်စဲရေးကို အမြန်ဆုံးလုပ်မယ်။ ကွဲလွဲမှု မရှိပါဘူး။

မေး။    ။ အရင်ဆုံး အပစ်အခတ်ရပ်စဲရေးကို သွားမယ်။ နောက်မှ နိုင်ငံရေးဆွေးနွေးပွဲသွားမယ် ဆိုတဲ့သဘောလား။

ဖြေ။     ။ အလုပ်ကတော့မှန်တယ်။ အဲ့ဒီအတိုင်း ပါပဲ။ အဓိကတော့ နိုင်ငံရေးဆွေးနွေးပွဲကို အဓိကအာမခံနိုင်ရမယ်။ အဲ့ဒီမှာလဲ နိုင်ငံရေး ဆွေးနွေးပွဲအတွက် မည်ကာမတ္တမဟုတ်ဘဲရေရာ တဲ့အာမခံချက်ရှိရမယ်။ ဆွေးနွေးပွဲမှာဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ကိစ္စမျိုး၊ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဆိုတဲ့ကိစ္စ မျိုး။ မဟုတ်ရင် နိုင်ငံရေးဆွေးနွေးမယ်လို့သာ ပြောတာ။ ဟိုအာဂျင်ဒါ မပါဘူး၊ ဒီအာဂျင်ဒါ မပါဘူးဆိုရင်လဲ မဖြစ်ဘူး။

မေး။    ။ လမ်းညွှန်ချက်အတွက် အလုပ်လုပ် မယ့်သူက အစိုးရကိုသွားရှင်းပြရမှာပေါ့။

ဖြေ။     ။ ဒီကွန်ဖရင့်က ထွက်ပေါ်လာတဲ့အချက် အလက်တွေပေါ်မူတည်ပြီးတော့ ဒီလမ်းညွှန် ချက်ကို အလုပ်လုပ်မယ့်သူက တစ်ဖက်ကိုသွား တွေ့ရမယ်။ သွားပြောရမယ်။ အားလုံးတော့လဲ လက်ခံချင်မှလက်ခံမယ်။ ဟိုဘက်ကရေးလာတဲ့ ဟာတွေကိုလဲဒီဘက်ကလက်ခံချင်မှလက်ခံမယ်။ တကယ့်စာချုပ်စာတမ်းသဘောမျိုးသွားပြီဆိုရင် တော့ ပူးတွဲပြီးတော့ရေးဆွဲရမှာ၊ ရေးဆွဲတဲ့ အဖွဲ့ကိုလဲ ရွေးချယ်ရမယ်။

မေး။    ။ အစိုးရဘက်ဆီကနေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကနေ ဘယ်လို အချက်မျိုးလိုချင်တာလဲ။

ဖြေ။     ။ အချိန်မဆွဲဖို့၊ လွှတ်တော်ပြင်ပက ဆွေးနွေးဖို့၊ နိုင်ငံရေးဆွေးနွေးပွဲမှာ ဖက်ဒရယ် တည်ဆောက်ရေး လိုအပ်ချက်မျိုးအဓိကပါဖို့။

မေး။    ။ ဒီထက်ပိုတဲ့အာမခံချက်မျိုးရဖို့ကော တောင်းဆိုသွားဖို့ရှိလား။

ဖြေ။     ။ အဲ့ဒါကတော့ နှစ်ဖက်အဖွဲ့အစည်းတွေ ကနေ နိုင်ငံတကာအဖွဲ့အစည်းကလိုမျိုး ပုဂ္ဂိုလ် တွေပါဖို့ ၊ နိုင်ငံတော် အကြီးအကဲတွေဘက်က အနည်းဆုံးပုဂ္ဂိုလ်ငါးဦးထက်မနည်းပါဖို့ သမ္မတ၊ ပြည်သူလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဥပဒေချုပ်တို့ပါ။ ကျွန်တော်တို့ဘက်က လဲ တော်လှန်ရေး အဖွဲ့ အစည်းအသီးသီးရဲ့ဥက္ကဋ္ဌပါဖို့၊ အကြီးအကဲတွေ ပါဖို့လိုပါတယ်။

မေး။    ။ ဒီလမ်းညွှန်ချက်ကို အလုပ်လုပ်မယ့် သူကို သတ်မှတ်ထားတာမျိုးရောရှိသလားခင်ဗျ။

ဖြေ။     ။ မရှိသေးပါဘူး။ လမ်းညွှန်မှုထွက်မှပဲ ဘယ်အဖွဲ့ကို ဘယ်လိုလုပ်မလဲ ဆိုတာသိရ မှာပါ။

မေး။    ။ မနက်ဖြန်ထွက်ရှိလာမယ့် မူကြမ်းရေး မယ့်ကော်မတီကိုရော ဘယ်လိုဖွဲ့စည်းထားတာ လဲခင်ဗျ။

ဖြေ။     ။ အခုတက်ရောက်လာတဲ့အဖွဲ့ ၁၈ ဖွဲ့ ကနေတစ်ဖွဲ့ကိုတစ်ယောက်စုစုပေါင်း၁၈ယောက် ပါ တက်ခွင့်ရှိတယ်လို့သတ်မှတ်တယ်။ ဒါပေ မယ့် အဖွဲ့အစည်းတစ်ခုခုကနေ တို့ကမတက်ဘူး လို့ပြောရင် မလာရင်လဲရတယ်။ ကိုးကန့်မတက် ဘူး၊ 'ဝ'မတက်ဘူး။ အဲ့ဒီလို လျော့လျော့သွား တာပေါ့။ လုပ်နိုင်ကိုင်နိုင်တဲ့သူတွေပါရင်တော့ ကောင်းတာပေါ့။ ဒီတော့ ချင်းတို့လို၊ မွန်တို့လို သူတွေကဦးဆောင်မှာပေါ့။ ဒါကြောင့်လဲ CNF ဒေါက်တာဆလိုင်းလျံမုန်းက ဦးဆောင်ပြီး ရေးဆွဲ သွားမှာပါ။ အားရတယ်။ ဒါပေမယ့် ကျွန်တော် တော့ မပါဘူး။

ဒေါက်တာဆလိုင်းလျံမုန်း


မေး။    ။ ပန်ဒါဟိုတယ်မှာ မြန်မာငြိမ်းချမ်း ရေးစင်တာက ဦးအောင်နိုင်ဦးတို့ ပြောသွားတာ ရှိပါတယ်။ အစိုးရဘက်က အချုပ်အခြာအာဏာ ကို မထိပါဘူး၊ ပြည်ထောင်စုက ခွဲမထွက်ဘူး ဆိုရင် ကျန်တာတော်တော်များများကို လိုက် လျောမယ်လို့ပြောတယ်။ ဒီကွန်ဖရင့်ကိုတက် ရောက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေအနေနဲ့ ဘယ်လိုတုံ့ပြန်ချင်ပါသလဲ ခင်ဗျ။

ဖြေ။     ။ ကျွန်တော်တို့က ခွဲထွက်ရေးသမားတွေ မဟုတ်ဘူး။ ပြည်ထောင်စုကို ထူထောင်ဖို့ အတွက် ဒီမှာလာဆွေးနွေးတာပါ။ ကျွန်တော် တို့ခွဲထွက်ရေးကို တစ်ခွန်းမှမဆွေးနွေးခဲ့ဘူး။ ပင်လုံမှာ သဘောတူထားခဲ့တဲ့အတိုင်းစစ်မှန်တဲ့ ပြည်ထောင်စုကို ဘယ်လိုထူထောင်မလဲဆိုတဲ့

နည်းလမ်းကိုပဲ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ အစိုးရဘက်ကလဲ ဒီဖက်ဒရယ်ဆိုတဲ့ စကားလုံး ကို သုံးလာတယ်။ ဒါကောင်းတဲ့အလားအလာပဲ ဖြစ်ပါတယ်။ ဟိုးတုန်းက ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးလို့သဘောထားတယ်။ အခုတော့ သူတို့ကဖက်ဒရယ်ဆိုတာပူးပေါင်းရေးလို့ လက်ခံ လာတယ်။ အဲ့ဒီအပေါ်မှာမူတည်ပြီးတော့ ပြည်သူ လူထုအတွက် တိုင်းပြည်အတွက်ဆက်ပြီး အလုပ် လုပ်သွားမှာဖြစ်ပါတယ်။

မေး။    ။ ဒါဆိုရင် တစ်ချိန်မှာ ပင်လုံညီလာခံ ကြီးကဲ့သို့ ညီလာခံကြီးဖြစ်လာဖို့ရှိပါသလား။

ဖြေ။     ။ ဟုတ်ကဲ့၊ ပြီးခဲ့တဲ့ ၂ဝ၁၁ မှာ တိုင်းရင်း သားညီလာခံတစ်ခုလုပ်ပါတယ်။ အဲ့ဒီညီလာခံမှာ ချမှတ်ခဲ့တာက ကျွန်တော်တို့ နိုင်ငံရေးကိုအဆင့် သုံးဆင့်နဲ့သွားမယ်။ ပထမအပစ်အခတ်ရပ်စဲရေး၊ ဒုတိယအဆင့်က နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်။ နောက်တစ်ခုက အဲ့ဒီနိုင်ငံရေးဆွေးနွေးပွဲ ရလဒ် တွေအားလုံး ကနေ  ပင်လုံညီလာခံကဲ့သို့သော ညီလာခံကြီးကျင်းပနိုင်ဖို့၊ ပင်လုံစာချုပ်ကဲ့သို့ သော သဘောတူစာချုပ်မျိုး ချုပ်ဆိုနိုင်ဖို့အတွက် သွားနေကြတာဆိုတော့ အဲ့ဒီမူအတိုင်းပဲသွားနေ ပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

မေး။    ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လဲ ပြောခဲ့တာ ရှိပါတယ်။ ပင်လုံညီလာခံကဲ့သို့ ညီလာခံမျိုးကို ဒုတိယအကြိမ်ကျင်းပသွားဖို့၊ အခုလိုမျိုး ဆွေးနွေးပွဲတွေမှာ သူတို့ဘက်က အကြံဥာဏ်ပေးတာတို့၊ သဝဏ်လွှာပေးတာတို့၊ ဖြစ်ချင်တာတွေပြောတာတို့ဆိုရင်ကော။

ဖြေ။     ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍ က အင်မတန်မှအရေးကြီးပါတယ်။ သူ့အနေနဲ့ ကလဲ ပြည်ထောင်စုထူထောင်ဖို့ကိစ္စနဲ့ပတ်သက် ပြီး ကျွန်တော်တို့အမြဲတမ်းပြောတာရှိပါတယ်။ ၁၉၈ဝ ခုနှစ်ကာလကလဲ ကျွန်တော်တို့ဆွေးနွေး ထားတာရှိတယ်။ ၁၉၉ဝတုန်းကလဲ NLDနဲ့  UNLD ပေါင်းပြီး ဗိုလ်အောင်ကျော်လမ်း ကြေညာချက်ဆိုတာထုတ်ခဲ့တာရှိတယ်။နောက်ပိုင်း ဒီပင်လုံညီလာခံဆိုတဲ့ အရာမျိုးတွေ ပြောတာရှိ တယ်။ ခုနောက်ပိုင်း သိပ်မပြောဘူးဆိုတာလဲ အချိန်မတန်သေးလို့ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့လဲ ဒေါ်အောင်ဆန်းစုကြည်ကို အများကြီး သင့်တင့်တယ်လို့ထင်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်တင်မကဘူး၊ အစိုးရဘက်ကိုလဲ ကျွန်တော် တို့ အများကြီးမျှော်လင့်တယ်။ သူတို့အနေနဲ့ ဒီတိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးအတွက် ပင်လုံ စိတ်ဓာတ်ကိုအခြေခံပြီး ပြန်လည်ထူထောင်ဖို့ အချိန်တန်ပြီလို့ပြောချင်ပါတယ်။

မေး။    ။ အခုလွှတ်တော်မှာလဲ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်ဖို့ကိုလဲ လုပ်ဆောင်နေ တာရှိတယ်။ ဒီနိုဝင်ဘာလကစပြီး အကြံဥာဏ် ပေးဖို့ တောင်းခံနေတာတွေလဲရှိပါတယ်။ အစိုးရ၊ လွှတ်တော်၊  ပါတီတွေက  လုပ်ဆောင်နေတဲ့ လမ်းကြောင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေလုပ်ဆောင်နေတဲ့ လမ်းကြောင်း ကရော ဘယ်လိုကွာခြားမှုရှိပါသလဲ။

ဖြေ။     ။ ကျွန်တော်တို့ ဆွေးနွေးတိုင်ပင်မှု၊ အမြင်ဖလှယ်မှုမရှိသေးတဲ့အခါကျတော့ ဘယ် အချိန်မှာတူတယ်၊ ကွဲတယ်ဆိုတာတော့ ဒီအချိန် မှာ ကျွန်တော့်အနေနဲ့ ပြောဖို့ခက်ပါတယ်။ ဒါပေ မယ့် ကျွန်တော်မျှော်လင့်တာ ကတော့ကျွန်တော်တို့ အားလုံးက ဖက်ဒရယ်ပြည်ထောင်စုကိုချစ်တယ်။ ဒီပြည်ထောင်စုဟာ ပင်လုံစာချုပ်၊ ပင်လုံသဘော ထားအရ ပေါ်လာတာဖြစ်တယ်။ ပင်လုံစာချုပ် အတိုင်း ပြန်လည်ထူထောင်ဖို့ ဒေါ်အောင်ဆန်း စုကြည်တို့ NLD ဘက်ကလဲ လုပ်မယ်။ သူရ ဦးရွှေမန်းဦးဆောင်တဲ့ပြည်ထောင်စု လွှတ်တော် ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ဘက် ကလဲလုပ်မယ်။ သမ္မတ ဦးသိန်းစိန်ခေါင်းဆောင် တဲ့ အစိုးရကလဲလုပ်မယ်လို့ ကျွန်တော်မျှော်လင့် တယ်။ အားလုံးရဲ့တူညီမှုအပေါ်မှာ ပြန်လည် ထူထောင်ဖို့အကောင်းဆုံးအချိန်လဲဖြစ်တယ်။ အကောင်းဆုံးဖြစ်အောင် အစိုးရကလဲ ကြိုးစား တယ်။ တိုင်းရင်းသားတွေဘက်ကလဲကြိုးစား တယ်။ ဒီလိုပဲ တပ်မတော်ဘက်ကလဲ ကြိုးစား တယ်။ NLD ကလဲကြိုးစားသင့်တယ်။ ဒီကြိုးစား မှုရဲ့အသီးအပွင့်ကို ပြည်သူလူထုအားလုံး ခံစား နိုင်ဖို့၊ ဒီတိုင်းပြည်ငြိမ်းချမ်းနိုင်ဖို့၊ တိုးတက်နိုင်ဖို့ ကျွန်တော်တို့အားလုံး လုပ်ဆောင်သင့်တယ်လို့ ပြောချင်ပါတယ်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here