Wednesday, November 13, 2013

လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ကနေဒါ၊ သြစတြေးလျနှင့် နော်ဝေတို့ ကမ်းလှမ်း

0 comments
13.11.2013

နိုင်ငံတကာက စီးပွားရေး လုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေသော မြန်မာနိုင်ငံတွင် လျှပ်စစ်ကဏ္ဍ၌ ရင်းနှီးမြှုပ်ရန်အတွက် ကနေဒါ၊ သြစတြေးလျနှင့် နော်ဝေ နိုင်ငံတို့က ကမ်းလှမ်းထားကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။

လာရောက် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများသည် လျှပ်စစ်ဓာတ်အား ရောင်းချရာတွင် တွက်ခြေကိုက်မည့် ဈေးနှုန်းဖြင့်သာ ရောင်းချမည် ဖြစ်သော်လည်း လက်ရှိ မြန်မာနိုင်ငံ၏ ဓာတ်အား ရောင်းချသည့် ဈေးနှုန်းအရ တွက်ခြေမကိုက်သောကြောင့် လာရောက် ရင်းနှီးမြှုပ်နှံရန် ကြန့်ကြာနေကြောင်း ၎င်းက ရှင်းပြသည်။

မန္တလေးမြို့တွင် အမေရိကန်ကုမ္ပဏီ တစ်ခုက လေအားလျှပ်စစ် မဂ္ဂါဝပ်၂၀၀ ထုတ်ရန် MOU ရေးထိုးထားပြီး ဖြစ်သော်လည်း ရောင်းချမည့် ဓာတ်အားခမှာ တစ်ယူနစ်လျှင် ၁၅ ဆင့် (၁၅၀ကျပ်) ရမှသာ ရောင်းချနိုင်မည် ဖြစ်ပြီး ဝန်ကြီးဌာနကမူ ၃၅ ကျပ်နှုန်းသာ ယူသည့်အတွက် ဈေးနှုန်း ကွာဟမှု ကြီးမားနေကြောင်း၊ ယင်းကြောင့် ညှိနှိုင်းရာတွင် အခက်အခဲများ ဖြစ်နေကြောင်း ၎င်းက ပြောကြားသည်။

“လေအားလျှပ်စစ်ကို ဝန်ကြီးဌာန အနေနဲ့ ရင်းနှီးမြှုပ်နှံရင် အမေရိကန်ဒေါ်လာ သန်း ၄၀၀ လောက် ကုန်မယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ ၂၃၇၀ မဂ္ဂါဝပ်ဖြစ်ပြီး လက်ရှိ တည်ဆောက်ပြီး ဓာတ်အားပေး စက်ရုံများက ၁၆၅၅ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်သည့်အတွက် ၇၁၅ မဂ္ဂါဝပ် လိုအပ်နေသေးကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လိုအပ်လာမည့် လျှပ်စစ်ဓာတ်အား ပမာဏ မဂ္ဂါဝပ် ၃၀၀၀ ကျော်ကို အစိုးရက တာဝန်ယူ ဆောက်လုပ်နေပြီး ဘဏ္ဍာငွေ အခက်အခဲများ ရှိသည့်အပြင် ရင်းနှီးမြှုပ်နှံရသည့် ငွေပမာဏ များပြားကြောင်း၊ သို့သော်လည်း လက်ရှိ တည်ဆောက်မှသာလျှင် ၂၀၁၆ ခုနှစ်တွင် နှစ်စဉ် လိုအပ်နေသော လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ထပ်လောင်း ပြောကြားသည်။

၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ လျှပ်စစ် သုံးစွဲမှုသည် ၂၀၆၀ မဂ္ဂါဝပ် ရှိကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here