Thursday, November 21, 2013

အင်းလေးဟိုတယ်ဇုန်စီမံကိန်း လျော်ကြေးမယူသူ နှစ်ဦး ကျန်နေ

0 comments


21.11.2013


ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အနီး ဟိုတယ်ဇုန် စီမံကိန်း တည်ဆောက်ရန် အတွက် ရှမ်းပြည်နယ် အစိုးရက ဒေသခံ အင်းတိုင်းရင်းသား များ၏ လယ်မြေ၊ ခြံမြေများကိုသိမ်းယူခဲ့ပြီး သီးနှံ လျော်ကြေးများပေးအပ်ခဲ့ရာ မြေသိမ်းခံ လယ်သမား ၈၆ ဦးအနက် လျော်ကြေး မယူသော ဒေသ ခံနှစ်ဦး ကျန်နေသေးကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရက ပေးသော သီးနှံလျော်ကြေးနှင့် ကရုဏာကြေးမှာ နည်းပါးနေခြင်းကြောင့် မယူခြင်းဖြစ်ကြောင်း လယ် ၁၃ ဒသမ ၇၇ ဧကအသိမ်းခံထားရသူ အင်ကြင်းကုန်းရွာသား ကိုအောင်ကျော် မျိုး က မြန်မာတိုင်း(မ်) သို့ပြောသည်။

"လယ်မြေတစ်ဧကကို ကျွန်တော်တို့က ကျပ် သိန်း ၆၀၀ တောင်းတယ်၊ ခြံတစ်ဧကကို ကျွန်တော်တို့ သိန်း ၄၀၀ တောင်းတယ်။ ပြည်နယ် အစိုးရကတော့ မပေးနိုင်ဘူးပေါ့။ သူတို့ကမပေးဘူးဆိုတော့ ကျွန်တော်တို့ ကလည်း မယူသေးဘူးပေါ့" ဟု ၎င်းက ပြောသည်။

"ကျွန်တော့်အနေနဲ့ မယူတာကိုတော့ဘယ်လိုမှ မပြောလိုဘူး။ ရှမ်းပြည်နယ်အစိုးရကတော့ သူယူတဲ့ အချိန် ကျရင်တော့ အတတ်နိုင်ဆုံး အချိန်မရွေးထုတ်ပေးဖို့ အစီအစဉ်ရှိပါတယ်" ဟု ရှမ်းတိုင်းရင်း သားရေးရာ ၀န်ကြီး ဦးဝင်းမြင့်က မြန်မာတိုင်း(မ်)သို့ပြောသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ရှမ်းပြည်နယ် ခရီးစဉ်အတွင်း အင်းလေး ဟိုတယ်ဇုန် စီမံကိန်း တည်ဆောက်ရန် ညွှန်ကြားခဲ့မှုဖြင့် ရှမ်းပြည်နယ် အစိုးရက ဒေသခံ လယ်သမား ၈၆ ဦးနှင့် ဘုန်းကြီးကျောင်း ပိုင် ထင်းစိုက်ခင်းများ အပါအ၀င် မြေ ၆၂၂ ဧကကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်နိုဝင်ဘာလ မှ စတင် သိမ်းယူကာ စီမံကိန်းကို အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သိမ်းဆည်းထားသော မြေများကို ရှမ်းပြည်နယ်အစိုးရကဟိုတယ်ဇုန် စီမံကိန်းလုပ်ကိုင်မည့် လုပ်ငန်းရှင်များကို လေလံတင် ရောင်းချခဲ့ရာ ပေ ၂၀၀ ပတ်လည် တစ်ဧကမြေတစ်ကွက် လျှင် ကြမ်းခင်းဈေး ကျပ်သိန်း ၅၀၀ သတ်မှတ်ခဲ့ပြီး လေလံအောင်ဈေးမှာ သိန်း ၈၀၀ မှ သိန်း ၁,၀၀၀ အထိ ရရှိခဲ့သော် လည်းဒေသခံများကို မူမြေလျော်ကြေးမပေးကြောင်းတောင်ကြီးခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုးက မြန်မာတိုင်း(မ်)သို့ပြောသည်။

"ကျွန်တော်တို့ ဗြောင်ပဲပြောပါတယ်။ ဒါကတော့ မတရားမှုပါပဲ"ဟု ၎င်းက ပြောသည်။

ပြည်နယ်အစိုးရအနေဖြင့် ရောင်းချရရှိသော မြေကွက်တန်ဖိုးအတိုင်း ဒေသခံများကို လျော်ကြေးမပေးနိုင်ကြောင်း၊ မြေကွက်မှရရှိသော ဘဏ္ဍာငွေများဖြင့် လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင် ရွက်ပေး မည်ဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး ဦးဝင်းထွန်း က ဒေသခံ များနှင့်တွေ့ ဆုံစဉ် ပြော ကြားခဲ့ကြောင်း ဦးတင်မောင်တိုးက ဆက်လက်ပြောဆိုသည်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလပိုင်းမှ စတင်ကာ မြေသိမ်းခံခဲ့ရသော ဒေသခံများကို သီနှံလျော်ကြေးအဖြစ် စပါးတစ်ဧက ကျပ် ၄ သိန်း ၂ သောင်း၊ ကြံတစ်ဧက ကျပ် ၂ သိန်း ၂ သောင်း၊ ၀ါး တစ်လုံး၊ ကျပ် နှစ်ထောင်၊ သရက်ပင်တစ်ပင် ငါးသောင်း၊ ခရမ်းချဉ်သီး တစ် ဧက ကျပ်သိန်း ၂၀ နှုန်းဖြင့်သုံး နှစ်စာ သီးနှံလျော်ကြေးကို ရှမ်းပြည်နယ် အစိုးရက သတ်မှတ်ပေးလျော်ခဲ့ကြောင်းအင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဝင်းမြင့်က ပြောသည်။

"လျော်ကြေးပေးရေးကော်မတီက သီးနှံလျော်ကြေးပဲပေးနိုင်မယ်၊ ကရုဏာကြေးတွေ ဘာတွေ မပေးနိုင် ဘူးလို့ ပြောပါတယ်။ လွှတ်တော်က စုံစမ်းရေးကော်မရှင် လာသွားပြီးတဲ့ အခါကျမှ ကရုဏာကြေးတွေ၊ နစ်နာကြေးတွေပေးလိုက်တဲ့အတွက် လျော်ကြေးမယူတာ နှစ်ယောက်ပဲ ကျန်ပါတော့တယ်"ဟု ၎င်း က ပြော ကြားသည်။

ပြည်နယ်အစိုးရ၏ သီးနှံလျော်ကြေးကို လယ်မြေသိမ်းခံရသော ဒေသ ခံ ၆၈ ဦးက လက်ခံရယူခဲ့ပြီးနောက် လက်မခံသော ဒေသခံ ၁၈ ဦးထဲမှ ဒေသခံ လယ်သမား အချို့နှင့် ပြည်နယ် အစိုးရရဲတပ်ဖွဲ့ဝင်များကြား ယခုနှစ် အစောပိုင်းက ပဋိပက္ခများဖြစ်ပွား ခဲ့ပြီး အဆိုပါလယ်သမားမျာကိုပုဒ်မ ၁၈၈ (တားမြစ်နယ်မြေ တွင်ချိုးဖောက် ၀င်ရောက်မှု)၊ ပုဒ်မ ၃၅၃ (၀တ္တရားနှောင့်ယှက်မှု)၊ပုဒ်မ ၅၀၅(ခ) (လှုံ့ဆော်မှု) တို့ဖြင့် တောင်ကြီး၊ ကလောမြို့ နယ်၊ ညောင်ရွှေမြို့နယ်တို့တွင် အာဏာပိုင်များ၏ တရားစွဲဆိုခြင်း ခံခဲ့ရသည်။

"တချို့တွေက လျော်ကြေးကို မယူချင်ပဲနဲ့ ယူလိုက်ရတယ်၊ လျော်ကြေးယူမှ အမှု ရုပ်သိမ်းပေးမယ် ဆိုပြီးတော့ ပြည်နယ် အစိုးရက ဖိအားပေးတာပေါ့" ဟု ဦးတင်မောင်တိုးက ပြောသည်။

လက်ရှိအချိန်တွင် အင်းလေးဟိုတယ်ဇုန်စီမံကိန်း မြေပြင်ပြုပြင်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနေ ပြီ ဖြစ်ကြောင်းသိရသည်။

လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများကို ပြီးခဲ့သည့် အောက်တိုဘာ လအတွင်း ကရှမ်းပြည်နယ် အစိုးရက နိုင်ငံပိုင် မီဒီယာများမှ တစ်ဆင့် လုပ်ငန်းလုပ်ကိုင်ခွင့် တင်ဒါများခေါ်ယူထားသည်။

အင်းလေးဟိုတယ်ဇုန်စီမံကိန်းတွင် လုပ်ငန်းရှင် ၈၆ ဦးပါဝင်ပြီး ဟိုတယ် အလုံးရေ ၉၀ ကျော်ဆောက်လုပ် သွားရန်ရှိကြောင်း ရှမ်းပြည်နယ် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့် က ပြောကြားကြောင်း အင်း တိုင်းရင်းသား ရေးရာ ၀န်ကြီးက ပြောသည်။

Myanmar Times

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here