15.11.2013
ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ သျှမ်းပြည်တောင်ပိုင်း လွယ်လင် မြို့နယ် ပင်လုံမြို့ ခရီးစဉ် ကြောင့် အစိုးရဝန်ထမ်းနှင့် ပြည်သူများ အလုပ်ရှုပ် လျက်ရှိကြောင်း သိရှိရပါသည်။
“ရွှေတိဂုံပုံတူစေတီ(မဟာရဋ္ဌာဘိသာမဂ္ဂီစေတီ)မှာ ရဟန်းသံဃာတော် တွေကို လှူဖွယ်ပစ္စည်းတွေကို ဆက်ကပ်လှူဒါန်းမယ်။ ပင်လုံကျောက်တိုင်ကြီး ကိုလည်း လာရောက်ကြည့်ရှုစစ်ဆေးမယ်လို့ ပြော တယ်” ဟု ပင်လုံမြို့ခံ လုံးဆု က ပြောပါသည်။
လာမည့် တန်ဆောင်မုန်းလပြည့်နေ့(နိုဝင်ဘာ ၁၇ ရက်)၌ ဒု−သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း လာရောက် လည်ပတ်မည်ဖြစ်ကြောင်း၊ သံဃာတော်များအား လှူဒါန်းရန် လှူဖွယ်ပစ္စည်းများကို တာဝန်ရှိ အစိုးရဝန်ထမ်းများက အားလုံး စီစဉ်ထားပြီးဖြစ်ကြောင်း၊ ကြိုဆိုရန် အတွက်လည်း အာဏာပိုင်များက ပင်လုံမြို့ရှိ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များအား အစည်းအဝေး ခေါ်ယူဆွေး နွေး၍ ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဆို၏။
သို့သော် တဖက်၌လည်း ဒု−သမ္မတ ခရီးစဉ် ဖျက်သိမ်းလိုက်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိ သည်။
“ဘာကြောင့်လဲတော့ မသိဘူး။ ခရီးစဉ်ဖျက်လိုက်တယ်လို့ ကြားတာဘဲ။ တကယ်လို့ ခရီးစဉ်ဖျက် လိုက်ရင် ဒီမှာစီစဉ်ထားသမျှ အလားကား ဖြစ်သွားပြီ။ လူပင်ပန်းတာဘဲ အဖတ်တင်တယ်။ ကိုယ်က နိုင်ငံတော်ရဲ့ အကြီးအကဲလေ။ ပြောထားတဲ့အတိုင်း လိုက်လုပ်သင့်တာပေါ့” ဟု အစိုးရဝန်ထမ်း တစ်ဉီးက ပြောပါသည်။
စစ်အစိုးရလက်ထက်ကလည်း ရက်နီးမှ ခရီးစဉ်ဖျက်သိမ်းလိုက်သည့် ဖြစ်ရပ်များ ကြုံတွေ့ခဲ့ရ ကြောင်း ၎င်းက ဆိုပါသည်။
“ဒု−သမ္မတကို စောင့်တာထင်တယ်။ ပင်လုံကျောက်တိုင်ကိုလည်း ဒီလ ၁ ရက်နေ့မှာ ပြန်မပြင်ဖြစ် ဘူးလေ။ ဒု−သမ္မတဆီက အကြံအဉာဏ်တွေ ယူပြီးမှ ပြန်ပြီး စ−ပြင်မယ်လို့ စီစဉ်ထားကြတယ်လို့ ဆိုဘဲ” ဟု ဉီးထွန်းက ပြောပါသည်။
ပြည်ထောင်စုကျောက်တိုင်(ပင်လုံကျောက်တိုင်)ကို ၂၀၁၃ နိုဝင်ဘာလမှစ၍ ၂၀၁၄ ဇန္နဝါရီလ အထိ ၃ လအတွင်း အပြီးပြန် လည် ပြုပြင်ရန် စီစဉ်ထားပြီး အစိုးရက ငွေကျပ်သိန်းပေါင်း ၇၀၀၀ ကုန်ကျခံပေးမည်ဖြစ်ကြောင်း ကြားသိရပါသည်။
သျှမ်းသံတော်ဆင်.