Sunday, November 24, 2013

နောင်ချိုမြို့နယ်အတွင်း လျှပ်စစ်မီး အပြည့်အ၀မရရှိ၍ ထပ်ဆင့်အသံလွှင့်ရုံများပင် အခက်အခဲဖြစ်နေ

0 comments


24.11.2013

နောင်ချိုမြို့နယ်အတွင်း လျှပ်စစ်မီး အပြည့်အ၀ ရရှိခြင်း မရှိသောကြောင့် ဒေသခံများ မီးအပြည့်အဝ မသုံးနိုင်သည့်အပြင် 
ထပ်ဆင့် အသံလွှင့်ရုံပင် တီဗွီလိုင်းများ လွှင့်ပေးရန်အခက်အခဲ ဖြစ်နေကြကြောင်း နောင်ချိုဒေသခံများထံမှ သိရသည်။

“မီးက ညပိုင်းဆိုရင် မီးအား အ၀င်(၄၀)(၅၀)လောက်ပဲရှိတယ်၊ တီဗီကြည့်ဖို့ဆိုတာကတော့ ဝေးရော၊ မီးလင်းဖို့တောင် မနည်းပဲ ”ဟု ဆောက်လုပ်ရေး ၀င်းအတွင်း နေထိုင်သူ တစ်ဦးမှ ပြောသည်။ ယင်းကဲ့သို့ မီးအားနည်း၍ မီးအားမြင့်စက်ဖြင့် ဆွဲယူသုံးစွဲကြ သဖြင့် မီးအားမြင့်စက် အသုံးမပြုနိုင်သည့် ဒေသခံအချို့မှာ မီးလင်းနိုင်ရေး အခက်အခဲ ဖြစ်ကြရကြောင်း သိရှိရသည်။ မီးအား အပြည့်အ၀ မရရှိသဖြင့် ထပ်ဆင့်အသံလွှင့် စက်ရုံမှလည်း တီဗွီအစီအစဉ်များ ထုတ်လွင့်ပေးရန် အခက်အခဲဖြစ်ရကြောင်း သိရှိ ရသည်။

“ကျွန်တော်တို့ အသံလွင့်ရုံက မီးအားမနိုင်ရင် ပိတ်ထားရတာမျိုးလည်း ရှိတယ်။ ဌာနကနေ ပေးတဲ့ တစ်ရက်(၃)နာရီစာ ဆီနဲ့ မီးစက်မောင်း ပြီး လွင့်ပေးရတယ်။ အဓိက က မြန်မာ့အသံဆိုတော့ MRTV ကိုပဲ လွင့်ပေးနိုင်တယ်။ မြ၀တီနဲ့ ကျန်တဲ့ ရုပ်သံ လိုင်းတွေကတော့ မီးအားမနိုင်လို့ မလွင့်ပေးနိုင်ဘူး”ဟု နောင်ချိုမြို့ ထပ်ဆင့်အသံလွင့်ဌာနတာဝန်ရှိသူ တစ်ဦးမှ ပြောသည်။

လက်ရှိနောင်ချိုမြို့အတွင်း အသုံးပြုနေသော လျှပ်စစ်ဓါတ်အားမှာ မန္တလေးမှတဆင့် ပြင်ဦးလွင်၊ ပြင်ဦးလွင်မှတဆင့် နောင်ချိုသို့ အဆင့်ဆင့်ဆက်သွယ်ထားခြင်းဖြစ်၍ မီးအား အပြည့်အ၀ မရရှိနိုင်ခြင်းဖြစ်ကြောင်း၊ ယင်းအပြင် အသုံးပြုသော လျှပ်စစ်ဓါတ်ကြိုး များနှင့် တိုင်များမှာ ၁၉၉၄ ခုနှစ်အတွင်း စတင်အသုံးပြုခဲ့သော ပစ္စည်းများ ဖြစ်၍သက်တမ်းကြာမြင့်လာပြီဖြစ်ကာ မီးအား အပြည့်အ၀ ပေးနိုင်ခြင်း မရှိသေးပါကြောင်း အဆိုပါ ၁၉၉၄ ခုနှစ် အတွင်း မီးအသုံးပြုသူ ဦးရေမှာ နောင်ချိုမြို့ တစ်မြို့နယ်လုံး 
အိမ်ထောင် စုပေါင်း (၂၀၀)၀န်းကျင်ခန့်သာ ရှိခဲ့ရာမှ ယခု ၂၀၁၃ ခုနှစ်အတွင်း ၄၂၉၅ ဦး ရှိလာပြီဖြစ်ပါကြောင်း၊ ယင်းသို့ ဒေသ အတွင်း မီးလုံလောက်စွာပေးနိုင်ရန် အတွက်လည်း နောင်ချိုမြို့နယ် လယ်ကျင်းကွေ့ကျေးရွာအနီး လျှပ်စစ်ဓါတ်အားခွဲရုံ (၁)ရုံ တည်ဆောက်လျှက်ရှိပါကြောင်း အဆိုပါဓါတ်အားခွဲရုံ တည်ဆောက်မှု ပြီးစီးသွားပါက နောင်ချိုမြို့နယ်(၁)မြို့နယ်လုံး မီးအား အပြည့် အ၀ ပေးသွားနိုင်မည်ဖြစ်ပါကြောင်း နောင်ချိုမြို့ လျှပ်စစ်ဓါတ်အားပေး ဌာနမှ တာဝန်ရှိသူကပြန်လည်ဖြေကြားသည်။ 

လက်ရှိ နောင်ချိုမြို့နယ်အတွင်း မီတာခများမှာ အိမ်သုံး(၃၅)ကျပ်နှုန်း စက်မှု လက်မှုလုပ်ငန်းအတွက် တစ်ယူနစ်လျှင် (၇၅)ကျပ်နှုန်း ကောက်ခံလျှက် ရှိနေကြောင်း နောင်ချိုမြို့ လျှပ်စစ်ဓါတ်အားပေး ဌာနမှ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

စိုင်းကံသာ(လားရှိုး)
The Myanma Age

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here