Sunday, November 24, 2013

နောင်ချိုမြို့ ကြံ့ခိုင်ရေးပါတီမှ သစ်ထုတ်လုပ်ရေးလုပ်ငန်းသို့ ငှားရမ်းထားသောတောင်သူပိုင် မြေနေရာများ ပြန်ရလို

0 comments


24.11.2013

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် အုမ္မခါးကျေးရွာတွင် ၁၉၉၅-၉၆ ခုနှစ်အတွင်း ကြံ့ခိုင်ရေး အသင်းကာလမှ သိမ်းယူ သွားသော မြေဧက(၁၀၀)အား ပြန်လည်ရရှိလို၍ လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ စာတင် ထားကြောင်း ဒေသ ခံ တောင်သူများက ပြေကြသည်။ 

အဆိုပါမြေများအား ရာဘာစီမံကိန်းအတွက်ဟုဆို၍ သိမ်းယူသွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်ရာဘာ အနည်းငယ်သာ စိုက်ပျိုး ထား၍ ပိုမြေအား တောင်သူ များမှ ပြန်လည်ရရှိလိုခြင်းဖြစ်ကြောင်း အသိမ်းခံရယူ ဒေသခံများက 
ပြောကြသည်။

“ဒီမြေက ကျွန်တော်တို့ ကျေးရွာသားတွေပိုင်တဲ့ ရွှေ့ပြောင်း တောင်ယာမြေတွေပါ စီမံကိန်းအတွက် သိမ်းသွားပြီး ဘားမှလည်း မလုပ်ဘူး။ ရာဘာလည်းနည်းနည်းပဲ စိုက်ထားတယ်။ ပိုတဲ့မြေကို သစ်ထုတ် လုပ်ရေးကိုငှားထားတာ။ တောင်သူတွေက မစိုက်ခဲ့ ရတာ ကြာပါပြီ ဒါကြောင့် ပြန်တောင်းတာပါ” ဟု အုမ္မခါးကျေးရွာ တောင်သူလယ်သမား သမဂ္ဂ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

လက်ရှိသစ်ထုတ်လုပ်ရေးအား ငှားထားသော မြေနေရာသည် ကြံ့ခိုင်ရေးမှ သိမ်းထားသော မြေဧက (၁၀၀)တွင် ရာဘာ စိုက် ထားသော ဧက (၂၅)ဧက၊ အရှေ့ဘက်ပိုင်း လမ်းအစပ် နေရာတွင်ဖြစ်ပြီး အနီးအနားရှိ တောင်ယာ စိုက်ပျိုးသော တောင်သူ များ မီးရှို့သည့်အခါ သစ်ပုံမီးလောင်မည်ကိုလည်း စိုးရိမ်ရကြောင်း တောင်သူများမှ ပြောသည်။“မနှစ်က သစ်ပုံမီးလောင်လို့ အနီးအနား က တောင်ယာလုပ်တဲ့ တောင်သူတွေ လျော်ကြေးပေး ရတာမျိုးရှိတယ်။ ဒီနှစ်နွေရာသီမှာလည်း မီးလောင် မှာ ကြောက်နေ ရတယ် ”ဟု အုမ္မခါးကျေးရွာသား တစ်ဦးမှ ပြောသည်။ 

ယင်းသို့ မီးလောင်၍ သစ်ထုတ်လုပ်ရေးမှ အစောင့်များမှလည်း လျော်ကြေးပေးခဲ့ ရသည်များ ရှိကြောင်းသစ်ထုတ်လုပ်ရေး အစောင့်များ ကပြောသည်။ ကြံ့ခိုင်ရေးမှ သိမ်းထားသော မြေဧက(၁၀၀)အပြင် ရွှေပြည်အောင်နှင့် ရွှေသီးကုမ္မဏီတို့မှ စိုက်ပျိုး လျှက်ရှိသော မြေဧက(၁၀၀)ကျော်မှာ လည်း ယခင်တောင်သူများ လုပ်ကိုင်နေသော မြေနေရာများဖြစ်ကြောင်း သိရှိရသည်။

“အရင်တုန်းက သိမ်းတဲ့အချိန်မှာစီမံကိန်းနဲ့ ထွေအုပ်ပိုင်တဲ့မြေ၊ မြေစာရင်းက ပိုင်တဲ့မြေဆိုပြီး သိမ်းသွားတာ။ အခုကြတော့ 
ကုမ္မဏီတွေနာမည်ပေါက်တွေနဲ့ ဖြစ်နေတယ်။ တောင်သူကတော့နိုင်ငံတော်က လုပ်နေတာဆိုပြီးဒီအတိုင်း ကြည့်နေကြရတာ။ 
အခုတော့ ဖွတ်ထွက်မှ တောင်ပို့မှန်း သိတော့တယ်”ဟု အုမ္မခါး တောင်သူလယ်သမား သမဂ္ဂအဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဆိုပါကိစ္စအတွက် နောင်ချိုမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးသို့ သွားရောက် မေးမြန်းရာတွင် ၎င်း မြေနေရာ မှာ ယခင်စစ်အစိုးရ လက်ထပ် ရှမ်းမြောက်ဒေသအား ရွှေဖြူလွှမ်းရမည်ဟူသော ရည်ရွယ်ချက်ဖြင့် ရာဘာပင်များစိုက်ပျိုးခိုင်း၍ အသင်းသားများမှ တောခုတ်ရှင်းလင်း စိုက်ပျိုးခဲ့သည့် မြေဖြစ်ကြောင်း၊ လက်ရှိတွင် ပါတီပိုင် စာရင်းတွင် ပါဝင်နေ၍ ဗဟိုမှသာ ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

စိုင်းကံသာ(လားရှိုး)
The Myanma Age

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here