Friday, November 15, 2013

သျှမ်းသူပုန်အဆက်ဟုဆိုကာ ကျေးလက်ရွာသားတဦးဖမ်းဆီးခံရ

0 comments

15.11.2013

အစိုးရတပ်များက တိုင်းရင်းသားတပ်ပေါင်းစု နှင့် တိုက်ပွဲမကြာခဏ ဖြစ်ပွားသည့်နောက်ပိုင်း သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မိုင်းယုမြို့နယ်ခွဲ ကျေးလက်ရွာသားတဦးအား သျှမ်းသူပုန် အဆက်ဟု ဆိုကာ ဖမ်းဆီး သွားကြောင်း ဒေသခံများက ပြောသည်။

အစိုးရတပ် ခလယ ၄၅၊ ၁၂၃ ၊ ၁၄၅ ပူးပေါင်းတပ်များက ကွတ်ခိုင်မြို့နယ် မိုင်ယုမြို့နယ်ခွဲ မန့်ဟိုခိုရွာ နေထိုင်သူ စိုင်းနော် အသက် ၃၃ နှစ်အား သျှမ်းသူပုန်များ၏ အမာခံလူဟုဆိုကာ နိုဝင်ဘာ ၁၂ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများကပြောသည်။

“သူတို့က စိုင်းနော်ကို သျှမ်းသူပုန်ရဲ့အဆက် ၊ အမာခံလူ၊ လူသစ်တွေစုပေးတယ်ဆိုပြီး ဖမ်းသွားတယ်။ နောက်ပြီး စိုင်းနော်ကို တပ်ပြေးတွေကိုလိုက်ဖမ်းပြီး သျှမ်းသူပုန်ဆီပြန်ပို့ပေးတယ် လို့ စွပ်စွဲပြီး ဖမ်းတာ။ သူက ရွာသားအစစ်ပါ။ ပြောင်းစိုက်တယ်။ ယာစပါးစိုက်တယ်” - ဟု တရွာတည်းသား ဒေသခံတဦး ကပြောသည်။ 

စိုင်းနော်၌ ဇနီးနှင့်သားသမီး ၃ ဦးရှိကြောင်း၊ အိမ်ထောင်ဦးစီးမ ရှိသော ကြောင့် မိသားစု တောင်ယာ လုပ်ငန်း နှင့် စားဝတ်နေရေးရေးအတွက် အခက်အခဲဖြစ် နေကြောင်း နီးစပ်သည့် အသိုင်းအဝိုင်း တဦးက ပြောသည်။

“သူ့မိသားစုက အရမ်းစိတ်ပူနေတယ်။ ဘယ်မှာ သွားရှာရမှန်းလဲမသိဘူး။ သူက ပြောင်းခံလုပ်တယ်။ တောင်ယာ စပါးစိုက်တယ်။ ကျနော်တို့ သိတာတော့ သူကသာမာန်အရပ်သားဘဲ။သူ့ကို လက်နက်ကိုင်တဲ့ အဖွဲ့လို့ တခါမှ မကြားဖူးဘူး” - ဟု အိမ်နီးနားချင်းတဦးကပြောသည်။

အဆိုပါဒေသဘက်သွားရောက်လှုပ်ရှားသည့် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့သည် သျှမ်းပြည်တိုး တက်ရေး ပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့ဖြစ်ကြောင်းသိရသည်။ ၎င်း SSPP/SSA သည်လည်း အစိုးရ နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်ပါသည်။

၎င်းတို့နှင့်အတူ လှုပ်ရှားနေသည့် ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့်ကချင် လွတ်လပ်ရေး တပ်မတော်တို့မှာမူ အပစ်အခတ်ရပ်စဲရေးအတွက်ဆွေးနွေးထားဆဲ အဖွဲ့ဖြစ်ပါသည်။


သျှမ်းသံတော်ဆင့်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here