Friday, November 1, 2013

Master Card သုံးသူများ ပြည်တွင်း အွန်လိုင်းစတိုးများတွင် ဈေးဝယ်နိုင်

0 comments


ရန်ကုန်၊ အောက်တိုဘာ ၃၁

နိုင်ငံတကာမှ Master Card အသုံးပြုသူများ အောက်တိုဘာ ၃၁ ရက်မှ စတင်၍ ပြည်တွင်း အွန်လိုင်းစတိုးများ တွင် CB Bank Payment Gateway စနစ်ဖြင့် ဈေးဝယ်ယူနိုင်တော့မည် ဖြစ်ကြောင်း သမဝါယမဘဏ် လီမိတက် (CB Bank) အမှုဆောင် အရာရှိချုပ် ဦးကျော်လင်းက ပြောကြားသည်။

အွန်လိုင်း ငွေပေးချေမှုစနစ်ကို နိုင်ငံတကာတွင် အသုံးပြုသည်မှာ အနှစ် ၂၀ ကျော်ရှိပြီ ဖြစ်သော်လည်း မြန် မာနိုင်ငံ တွင် ယခုမှ စတင်အသုံးပြုနိုင်ခြင်း ဖြစ်ပြီး CB Bank နှင့် ချိတ်ဆက်ထားသော အွန်လိုင်းစတိုးများတွင် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။“အရင်က အွန်လိုင်းကနေ ပြည်တွင်းမှာရှိတဲ့ ဟိုတယ်အခန်း မှာချင်ရင် တစ်ဆင့်ခံ Website တွေကနေ မှာရတယ်။ အခုဆိုရင် CB Bank Payment Gateway နဲ့ ချိတ်ထား တဲ့ ဟိုတယ်တွေကို တိုက်ရိုက်မှာနိုင်မယ်” ဟု ၎င်းကဆိုသည်။

Maseter Card များကို သုံး၍ အွန်လိုင်းဈေးဝယ်မှု ပြုလုပ်နိုင်သည်မှာ ကောင်းမွန်သော်လည်း ယခုစနစ်သည် ကတ်အတွင်းရှိ ငွေသားလုံခြုံမှုကို အကာအကွယ် ပေးနိုင်သော အဆင့်ရှိ၊ မရှိကို စဉ်းစားရမည် ဖြစ်ကြောင်း Maseter Card အသုံးပြုသူ Mileage Communication မှ မန်နေဂျာ ဦးဆူးအောင်က ပြောကြားသည်။

CB Bank Payment Gateway နည်းပညာသည် နိုင်ငံတကာတွင် အသုံးပြုနေသော Master Card ကုမ္ပဏီ၏ Internet Gateway Service ပေါ်တွင် ဝင်ရောက် အသုံးပြုခြင်း ဖြစ်သောကြောင့် လုံခြုံရေးအတွက် စိတ်ချ ရကြောင်း Master Card မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

CB Bank သည် အောက်တိုဘာလ ၈ ရက်မှ မြန်မာနိုင်ငံသားများ ပြည်ပတွင် သုံးစွဲနိုင်မည့် Easi Master Card ကို စတင်ထုတ်လုပ်ခဲ့ပြီး အဆိုပါကတ်သည် နိုင်ငံတကာ အွန်လိုင်း စတိုးများတွင် ဈေးဝယ်ယူနိုင်ကြောင်း၊ VISA ကတ်ဖြင့် ပြည်တွင်းတွင် အွန်လိုင်း ငွေပေးချေမှုစနစ်ကို ၂၀၁၄ နှစ်ဆန်းပိုင်းတွင် စတင်အသုံးပြု သွားနိုင် မည် ဖြစ်ကြောင်း သမဝါယမဘဏ် လီမိတက်မှ သိရသည်။

ATM Card များကို ပြည်တွင်းတွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှစတင် အသုံးပြုခွင့် ရရှိခဲ့ပြီး အွန်လိုင်း ငွေချေမှု စနစ်ဖြင့် သုံးစွဲနိုင်သည့် ကတ်စနစ်ကို အောက်တိုဘာလ အတွင်းတွင် စတင်အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်သည်။


The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here