Thursday, November 28, 2013

အစိုးရ၏ ငြိမ်းချမ်းရေးသဘောတူညီချက် စာချုပ်မူကြမ်းပါ အချက်အချို့ NCCT ပယ်ဖျက်

0 comments
28.11.2013

အစိုးရ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်မူကြမ်း လက်ခံနိုင်ဖွယ်မရှိသည့် အချက်အချို့ကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က ပယ်ဖျက်လိုက် သည်ဟု အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက နိုဝင်ဘာ ၂၇ ရက်တွင် ပြောသည်။

အစိုးရမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးသို့ နိုဝင်ဘာလ ၂ ရက်တွင် ပေးပို့ထား သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်မူကြမ်းကို NCCT အဖွဲ့ဝင်တို့ ထိုင်းနိုင်ငံ တွင် ဆွေးနွေး ရာတွင် လက်ခံနိုင်ဖွယ်မရှိသည့် အချက်များကို ပယ်ဖျက်ခြင်းဖြစ်သည်။

“အစိုးရဘက်က တင်ပြတဲ့ စာတမ်းအပေါ်မှာ ကျွန်တော်တို့ မဖြစ်သင့်တာ၊ လက်မခံနိုင်တဲ့ အပိုင်းတွေ ဖြုတ်ပယ် ထားတယ်”ဟု နိုင်ဟံသာက ပြောသည်။

အစိုးရ၏ အပစ်ရပ်ရေးမူကြမ်းပါ အချက် ၁၁ ချက်အနက် ခြောက်ချက်ကို နိုဝင်ဘာ ၂၆ နှင့် ၂၇ ရက်တို့ တွင် ဆွေးနွေးခဲ့ပြီး အချက်အချို့ကို ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။ အပစ်ရပ်ရေးမူကြမ်းပါ အချက်များသည် တိုင်းရင်းသားလက်နက်ကိုင်တို့အတွက် လက်နက်စွန့်ရေးကို ရည်ညွှန်းနေပြီး တပ်သားသစ် စုဆောင်း ခြင်း ကို ခွင့်မပြုခြင်း၊ စခန်းသစ်များ တိုးချဲ့ခြင်းတို့ကို ခွင့်မပြုခြင်းသည် လက်ခံနိုင်ဖွယ်မရှိသည့် အချက် များဟု ဆိုသည်။

“လက်နက်ကိုင်လမ်းစဉ်စွန့် ဥပဒေဘောင်ထဲဝင်ဆိုတဲ့ ဝေါဟာရမျိုး၊ နောက် တည်ဆဲဥပဒေဆိုတာမျိုး အဲဒါကို လက်မခံတာပါတယ်။ အန်ကယ်တို့ကို စခန်းသစ်မဆောက်ရ၊ ရဲဘော်သစ် မစုဆောင်းရ၊ စစ်ရေး ဆိုင်ရာ လက်နက်ခဲယမ်း မစုဆောင်းရဆိုတဲ့ အချက်တွေ၊ လူထုဆီက အကောက်အခွန် မကောက်ရဆို တဲ့ဟာတွေကို ပယ်တယ်။ အပစ်အခတ်ရပ်စဲရေးခွင်ထဲမှာ နယ်မြေလုံခြုံရေးအတွက် သူတို့ရဲ့ ရဲတပ်ဖွဲ့ တွေ လွတ်လာမယ်၊ တာဝန်ယူစေမယ်ဆိုတဲ့ဟာမျိုးကို အန်ကယ်တို့ လက်မခံဘူး”ဟု မဇ္ဈိမကို ပြော သည်။

အစိုးရတင်ပြသော မူကြမ်းအခန်း ၂ တွင် နိုင်ငံတော်၏တာဝန်များတွင် “အပစ်ရပ်နယ်မြေအတွင်း တရား ဥပဒေစိုးမိုးရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ယူဆောင်ရွက်ရန်” ဖော်ပြထားသည်။

ထို့ပြင် အခန်း ၃ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တာဝန်များတွင် တပ်စခန်း အသစ် တည်ဆောက်ခြင်း၊ တပ်ဖွဲ့ဝင်သစ် စုဆောင်းခြင်း၊ လက်နက်ခဲယမ်းမီးကျောက်များ ထုတ်လုပ် ခြင်း ၊ ရောင်းဝယ်ခြင်း၊ လွှဲပြောင်းခြင်း၊ စုဆောင်းခြင်းတို့ မပြုလုပ်ရန်၊ ပြည်သူလူထုကို ၀န်ထုပ် ၀န်ပိုး ဖြစ် စေနိုင် သည့် ငွေကြေးနှင့် ၀န်ဆောင်မှုများ တောင်းဆိုမှုမပြုလုပ်ရန်တို့ ပါဝင်သည်။

KIO အနေဖြင့်လည်း အစိုးရမူကြမ်းတွင် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန် အချက်အလက်များ ပါ ၀င်နေရာ လက်ခံနိုင်စရာမရှိကြောင်း KIO ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က ပြောသည်။

“အစိုးရဘက်ကနေ ပေးတာတော့ အစိုးရဘက်ကနေ ဖြစ်စေချင်တဲ့ဆန္ဒကို ပေးတာဖြစ်တယ်။ ဒီအပေါ် မှာကြည့်ပြီး ကျွန်တော်တို့ ပြန်ညှိရမှာ ဖြစ်ပါတယ်။ လက်ခံနိုင်တာရှိသလို၊ လက်မခံနိုင်တာတွေလည်း ရှိ ပါတယ်။ အဓိကတော့ Concept (အယူအဆ)တွေ ပြောတဲ့အခါမှာ လက်နက်ကိုင်လမ်းစဉ်ဟာ မှားခဲ့ တယ် ပြောတဲ့အချက်တွေကတော့ ကျွန်တော်တို့ တိုင်းရင်းသားအဖွဲ့တွေကရော KIO က လက်မခံနိုင် ဘူး ။ ဒါ မိမိရဲ့ ရသင့်တဲ့အခွင့်အရေးအပေါ်မှာ ရပ်တည်တယ်လို့ သဘောထားပါတယ်”ဟု ဗိုလ်ချုပ်ဂွန် မော် က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့က အစိုးရ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဘက်မှ တင်ပြသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်းအပေါ် ဗိုလ်ချုပ်ဂွန်မော်က ယင်းကဲ့သို့ ပြောဆို လိုက် ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နှစ်ရက်ကြာ ဆွေးနွေးမှုတွင်လည်း လိုင်ဇာဆွေးနွေးပွဲမှ ရရှိသော ဘုံသဘော တူညီချက် ၁၁ ချက်အပေါ် ပြန်လည်ဖြည့်စွက်ခြင်း၊ အစိုးရမူကြမ်းများကို သုံးသပ်ခဲ့ကာ တစ်နိုင်ငံလုံး အ ပစ်အခတ်ရပ်စဲရေးစာချုပ်ကို အထောက်အကူပြုရန်အတွက် အချက်အလက်များ စုဆောင်းကာ မူကြမ်း ရေးဆွဲရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း NCCT ၏ ဒုတိယခေါင်းဆောင်(၂) ဗိုလ်ချုပ်ဂွန်မော် က ပြော သည်။

NCCT အဖွဲ့၏ ဒုတိယမြောက်နေ့ ဆွေးနွေးပွဲအပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်း တစ်ခု ရေးဆွဲပြီး နိုဝင်ဘာ ၂၈ တွင် အတည်ပြုသွားမည်ဖြစ်သည်။ ဆွေးနွေးပွဲသည် လာမည့် ဒီဇင်ဘာ လအတွင်း ကရင်ပြည်နယ် ဘားအံမြို့တွင် ကျင်းပမည့် တိုင်းရင်းသား အဖွဲ့အစည်းများ၏ ဆွေးနွေးပွဲ အတွက် ကြိုတင်ပြင်ဆင်မှုတစ်ခုလည်း ဖြစ်သည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here