Friday, November 8, 2013

UNICEF ၏ လူမှုအသုံးစရိတ် ခွဲဝေမှု အစီရင်ခံစာ ဝန်ကြီးဌာနများအတွက် ခက်ခဲဟုဆို

0 comments
ရန်ကုန်၊ နိုဝင်ဘာ ၇

သဘာဝ သယံဇာတပစ္စည်းများ ရောင်းချရာက ရရှိသော အမြတ်အစွန်း အချို့ကို ကလေးသူငယ် ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် သုံးစွဲရေး UNICEF အစီရင်ခံစာသည် လက်တွေ့ ဆောင်ရွက်ရမည့် ဝန်ကြီးဌာနများ အတွက် လုပ်ထုံး လုပ်နည်းပိုင်း အခက်အခဲ ရှိကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က The Voice သို့ ပြောကြားသည်။

“UNICEF က တင်ပြတာတွေက အခုဝန်ကြီးဌာနတွေ ဦးတည်သွားနေတာနဲ့ ကိုက်ညီမှု ရှိပေမယ့် အခုထိ အစိုးရက ချပေးတဲ့ ဘတ်ဂျက်နဲ့ ကဏ္ဍအလိုက် ခွဲဝေ ဆောင်ရွက်နေရတုန်းပဲမို့ မလွယ်သေးဘူး” ဟု ၎င်းက ထပ်လောင်း ပြော ကြားသည်။

အဆိုပါ အစီရင်ခံစာသည် ကလေးသူငယ်များ၏ ကျန်းမာရေး၊ ပညာရေးနှင့် အခြားဖွံ့ဖြိုးရေး ဆောင်ရွက်ချက် များကို အသုံးစရိတ်များ ပိုရရှိစေရန် အသေးစိတ် ရေးဆွဲထားသော စာတမ်း တစ်ခုဖြစ်ပြီး ယင်းစာတမ်းကို ဘဏ္ဍာရေးဝန်ကြီးဌာန တာဝန်ရှိသူများ ထံလည်း တင်သွင်းထားခဲ့ကြောင်း UNICEF ထုတ်ပြန်ချက်များအရ သိရသည်။

လူမှုဝန်ထမ်းဦးစီးဌာန အနေနှင့် UNICEF တင်ပြချက် အချို့ကို တစ်နိုင်ငံလုံး လွှမ်းခြုံသည့် ကလေးသူငယ်များ ဖွံ့ဖြိုးရေး ထောက် ပံ့မှု အစီအစဉ်တွင် အသုံးချသွားရန် စီစဉ်ထားကြောင်း ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင် က ပြောဆိုသည်။

ယင်းအပြင် UNICEF အစီရင်ခံစာတွင် သဘာဝဓာတ်ငွေ့ ရောင်းချမှုများ၏ အမြတ်ငွေများဖြင့် ကာကွယ်ဆေးများ ဝယ် ယူခြင်းနှင့် အခြေခံပညာအဆင့် ဆရာ၊ ဆရာမသစ်များကို လစာပေးခြင်းတို့ ပြုလုပ်နိုင်သော နည်းလမ်း များနှင့် ကျောက် စိမ်း ရောင်းချငွေများက မူလတန်း ကျောင်းဆောင်များ ဆောက်လုပ်နိုင်သော နည်းလမ်းများ၊ လူမှုရေး လုပ်သား ခြောက်ထောင် ကို နှစ်စဉ် ထောက်ပံ့နိုင်ကြောင်း ထည့်သွင်း ရေးဆွဲထားကြောင်း လူမှုရေး မူဝါဒဆိုင်ရာ စောင့် ကြပ် ကြည့်ရှုရေးနှင့် ဆန်းစစ် အကဲဖြတ်ရေးဌာန ဌာနမှူး မစ္စခရစ္စတီးနား ရိုစဲလားက ပြောကြားသည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ၂၀၁၂ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံ အစိုးရသည် ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍ များတွင် ၇၈ ရာခိုင်နှုန်းနှင့် ၃၀ ရာခိုင်နှုန်း အသီးသီး တိုးမြှင့်ခဲ့ သော်လည်း မြန်မာပြည်တွင်း အသားတင် ထုတ်လုပ်မှု စုစုပေါင်းတန်ဖိုး၏ ၂ ရာခိုင်နှုန်း အောက်သာ ရှိနေသေးကြောင်း ယူနီဆက်က ထုတ်ပြန်ထားသည်။

UNICEF သည် ၎င်း၏ အစီရင်ခံစာကို ၂၀၁၃ ခုနှစ် သြဂုတ်လက ထုတ်ပြန်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ဖြည့်စွက် ဘဏ္ဍာငွေ ထပ်မံတိုးမြှင့် ရရှိရေးကို လွှတ်တော်တွင် ဆွေးနွေးနေစဉ် သဘာဝ သယံဇာတ တင်ပို့ ရောင်းချမှုမှ ရရှိသော ဝင်ငွေများကို ခွဲဝေ သုံးစွဲရာ၌ ကလေးသူငယ်များအတွက် အဓိက ဦးစားပေးရန် အုပ်ချုပ်ရေးနှင့် ဥပဒေပြုကဏ္ဍက တာဝန်ရှိသူများကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က တိုက်တွန်းခဲ့သည်။

The Voice

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here