Thursday, December 26, 2013

အမျိုးသမီး အခွင့်အရေးနှင့် အမျိုးစောင့် ဥပဒေအကြောင်း ဟောပြောမည်

0 comments
26.12.2013

မြန်မာအမျိုးသမီးများ အသိဉာဏ်ပညာ ပြည့်ဝရေးနှင့် အမျိုးသမီး အခွင့်အရေးဆိုင်ရာ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် စေရေးတို့အတွက် အမျိုးသမီး အခွင့်အရေးနှင့် အမျိုးစောင့် ဥပဒေအကြောင်း ဟောပြောပွဲ ကျင်းပမည် ဖြစ်ကြောင်း ယင်းပွဲစီစဉ်သည့် အထက်မြန်မာပြည် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အသင်းဝင် လူငယ်များထံမှ သိရသည်။

အဆိုပါ အမျိုးသမီး အခွင့်အရေးနှင့် အမျိုးစောင့် ဥပဒေအကြောင်း ဟောပြောပွဲတွင် အမျိုးသား စာပေဆုရ ယဉ်ယဉ်နု(မန္တလေး)၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်နှင့် ဝံသာနု ဒီမိုကရက်တစ် ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်နန်းရွှေကြာတို့က ဟောပြော ဆွေးနွေး ကြမည် ဖြစ်ကြောင်း ယင်းပွဲစီစဉ်သူများက အတည်ပြု ပြောကြားသည်။
“မြန်မာအမျိုးသမီးများ တက်ရောက်သင့်တဲ့ ဟောပြောပွဲမို့ တက်ရောက် စေချင်ပါတယ်” ဟု ဟောပြောပွဲ စီစဉ်သူ တာဝန်ခံ ဝံသာနုရက္ခိတ စနေလူငယ်အသင်း ဦးပြည့်ဖြိုးအောင်က ဆိုသည်။

ယင်း ဟောပြောပွဲ အခမ်းအနားကို မန္တလေးခရိုင် အောင်မြေသာစံမြို့နယ် ၂၆ လမ်း၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြားရှိ ဓမ္မဝိဟာရီ ပရိယတ္တိသီလရှင် စာသင်တိုက်တွင် ဒီဇင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီမှ စတင်ဟောပြောမည် ဖြစ်သည်။

“ဒီကိစ္စကို ဥပဒေနဲ့ လုပ်တိုင်း ရနိုင်မယ် မထင်ဘူး။ ကျွန်မ ကိုယ်တိုင်ကလည်း လက်မှတ် ထိုးမထားဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့က ငယ်စဉ်ကတည်းက ဘာသာရေးနဲ့ ပတ်သက်လာရင် မိဘ၊ ဆရာသမားတွေက ဆိုဆုံးမခဲ့ပြီးသားပဲ။ ကျွန်မတို့ ကိုယ်တိုင်က မိုးကုတ် ဆရာတော် ဘုရားကြီးတို့ရဲ့ တရားဒေသနာတွေနဲ့ ကြီးပြင်းလာခဲ့တာ ဖြစ်တယ်။ အခုလို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ဥပဒေတွေနဲ့ ကန့်ကွက်လို့ ရနိုင်မယ် မထင်ဘူး။ ကျွန်မတို့ရဲ့ နောက်မျိုးဆက်သစ် ၁၄၊ ၁၅ နှစ်အရွယ် ဆိုရင်တော့ ရချင်ရမှာပေါ့။ အခုလက်ရှိ မျိုးဆက်တွေနဲ့တော့ ရနိုင်မယ် မထင်ဘူး။ ကျွန်မကိုယ်တိုင် ကလည်း စိတ်ဝင်စားလို့ သွားနားထောင်မှာပါ” ဟု အသက်၂၅ နှစ်အရွယ် မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင်အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းပေးရေးအတွက် ပြည်သူ့ဆန္ဒသဘောထားလက်မှတ်ပေါင်း
 လေးသန်းဝန်းကျင် ရရှိနေပြီ ဖြစ်ပြီး အင်းစိန်ရွာမ ပရိယတ္တိ ကျောင်းတိုက် ဆရာတော်ထံမှ ခွင့်ပြုချက် ရရှိလာပါက အမျိုးသား လွှတ်တော်သို့ တင်သွင်းသွားရန် အစီအစဉ် ရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က The Voice သို့ ပြောကြားသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here