Tuesday, December 10, 2013

သံလွင်မြစ်ပေါ်ရှိ သင်္ဘောဆိပ်ခံတံတား နှစ်ခုကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုမည်

0 comments
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကို ဖြတ်သန်း စီးဆင်းနေသော သံလွင်မြစ်ပေါ်ရှိ သင်္ဘောဆိပ်တံတား နှစ်ခုကို အဆင့်မြှင့် တင်ရန်နှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုး လာစေရန်အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များထံ ယခုနှစ် ဒီဇင်ဘာလအတွင်း လွှဲပြောင်း လုပ်ကိုင်ခွင့် ပြုသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင်က ပြောကြားသည်။

မော်လမြိုင် ရာမည သင်္ဘောဆိပ် တံတားနှင့် မြို့မသင်္ဘောဆိပ် တံတားများကို ပြန်လည် အဆင့်မြှင့်တင်ရန် ရင်းနှီးမြှုပ်နှံလိုသည့် ကုမ္ပဏီ လုပ်ငန်းရှင်များက ဒီဇင်ဘာလ ၃ ရက်နေ့တွင် မွန်ပြည်နယ် အစိုးရထံ တင်ပြထားချက်ကို အစိုးရက သဘောတူသဖြင့် ရင်းနှီးလုပ်ကိုင်မည့် ကုမ္ပဏီများအား ဒီဇင်ဘာလ ၉ ရက်မှ ၁၂ ရက်နေ့အထိ တင်ဒါ လျှောက်လွှာများကို မွန်ပြည်နယ်၊ စည်ပင်သာယာရေး အဖွဲ့က ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရာမည သင်္ဘောဆိပ် တံတားကို တင်ဒါ အောင်မြင်သည့် ကုမ္ပဏီသည် မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီထံ ကျပ်သိန်း ၁၀၀၀ ကို အာမခံ တင်သွင်း ပေးထားရမည် ဖြစ်ကြောင်းနှင့် မြို့မ သင်္ဘောဆိပ်တံတားကို တင်ဒါအောင် မြင်သည့် ကုမ္ပဏီသည် ၎င်းတို့ ရင်းနှီးမြှုပ်နှံမှု၏ ၅၀ ရာခိုင်နှုန်းကို ကျပ်ငွေဖြင့်သော် လည်းကောင်း၊ မရွှေ့မပြောင်းနိုင်သည့် ပိုင်ဆိုင်မှုကိုသော် လည်းကောင်း စည်ပင်သာယာရေး အဖွဲ့ထံ စာချုပ် ချုပ်ဆိုသည်နှင့် အာမခံ တင်သွင်းပေးရမည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
“BOT စနစ်နဲ့ ငှားမလား၊ မငှားဘူးလား ဆိုတာကိုတော့ မသိသေးဘူးဗျ။ နှစ်ရှည် ငှားရမ်းခကို တစ်လ ဘယ်လောက် သတ်မှတ်မှာလဲ ဆိုတာကိုရော၊ အရပ်ဘက် ကော်မတီလေးခုက ဆုံးဖြတ်သွားမယ်၊ စာချုပ် ချုပ်တာနဲ့ ငွေအပေါင် တင်ခိုင်းတာကလည်း တင်ဒါအောင်ပြီး လုပ်ငန်း အကောင်အထည် မဖော်ဘဲ တင်ဒါအောင်တဲ့ စာချုပ်ကိုင်ထားမှာ စိုးလို့” ဟု ၎င်းကဆိုသည်။

တင်ဒါအောင်သည့် ကုမ္ပဏီများသည် စာချုပ်ချုပ်ဆိုပြီး တစ်လအတွင်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှု မရှိပါက အစိုးရနှင့် သဘောတူညီမှု စာချုပ်သည်လည်း ပျက်ပြယ်သွားမည် ဖြစ်ပြီး ၎င်းတို့၏ လုပ်ငန်း လုပ်ပိုင်ခွင့် များကို ပြည်နယ် အစိုးရ က ပြန်လည် ရုပ်သိမ်းသွားမည့်အပြင် တင်သွင်းထားသည့် ငွေအပေါင်များ ပြန်လည် ရရှိမည် မဟုတ်ကြောင်းနှင့် ယင်းသို့ ပျက်ပြယ် ပါက အခြားလုပ်ကိုင်မည့် ကုမ္ပဏီအား လွှဲပြောင်း လုပ်ကိုင်ခွင့် ပြုသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

ဆိပ်ကမ်း ဗောတံတားများကို ပြုပြင် ထိန်းသိမ်းမည့် ကုမ္ပဏီများအား ကမ်းနားလမ်း တစ်လျှောက်တွင် ရေပေါ် စားသောက်ဆိုင်များကို ဖွင့်လှစ်ခွင့် ပြုသွားမည့်အပြင် ပုဂ္ဂလိက သင်္ဘောလိုင်း များကိုလည်း ပြေးဆွဲခွင့် ပြုသွားမည် ဖြစ်ကြောင်း ဒေါက်တာ တိုးတိုးအောင်က ဆိုသည်။

မော်လမြိုင်နှင့် မုတ္တမ သဘောင်္ဆိပ် များသည် ၂၀၀၅ ခုနှစ်တွင် မုတ္တမ-မော်လမြိုင် သံလွင်တံတား တည်ဆောက် ပြီးစီးပြီးနောက် သင်္ဘောဆိပ်များကို အသုံးပြု နည်းလာသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here