Tuesday, December 10, 2013

ထိုင်းပါလီမန် လွှတ်တော် ဖျက်သိမ်း၊ ရွေးကောက်ပွဲသစ် ကျင်းပမည်ဟု ဝန်ကြီးချုပ်ယင်းလပ် ကြေညာ

0 comments


ဘန်ကောက်၊ ဒီဇင်ဘာ ၉

အတိုက်အခံ ဆန္ဒပြ အင်အားစုများ၏ ဖိအားပေးမှုနှင့် ရင်ဆိုင်နေရသော ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ထိုင်းပါလီမန် လွှတ်တော်ကို ဖျက်သိမ်းကြောင်းနှင့် ရွေးကောက်ပွဲသစ် တစ်ရပ် ကျင်းပပြုလုပ် မည် ဖြစ်ကြောင်း တနင်္လာနေ့တွင် ထုတ်ပြန် ကြေညာ လိုက်သည်။ 

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် နောက်ကွယ်မှ ကြိုးကိုင် ခံနေရသည်ဟု စွပ်စွဲပြောဆို ခံထားရသည့် ဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် ဦးဆောင်သော ထိုင်းအစိုးရ အဖွဲ့ကို အတိုက်အခံတို့က ကြိမ်းဝါးထားသည့် နေ့ရက်တွင် ပင် နောက်ဆုံး ထား၍ ဖြုတ်ချ သွားမည်ဟု ယင်းလပ်ရှင်နာဝပ်က အထက်ပါအတိုင်း တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ 
“ကျွန်မတို့ရဲ့ ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေ ထပ်ပြီး နစ်နာ ဆုံးရှုံးရတာမျိုး မဖြစ်စေချင်တော့ဘူး။ ပါလီမန် လွှတ်တော်ကို ဖျက်သိမ်းဖို့ ကျွန်မ ဆုံးဖြတ်ချက် ချလိုက်ပါပြီ” ဟု ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ရုပ်သံမှတစ်ဆင့် မိန့်ခွန်း ပြောကြားသည်။ 

ဘန်ကောက်တွင် အစိုးရ အိမ်တော်ဟု ခေါ်သည့် ဝန်ကြီးချုပ်၏ ရုံးသို့ အတိုက်အခံ ဆန္ဒပြ အင်အားစုများ ချီတက်လာစဉ် ယင်းလပ်ရှင်နာဝပ်က အထက်ပါအတိုင်း ကြေညာခြင်းလည်း ဖြစ်သည်။ 

တနင်္ဂနွေနေ့ကလည်း ထိုင်းနိုင်ငံ၏ ပင်မအတိုက်အခံ ပါတီက ၎င်း၏လွှတ်တော် ကိုယ်စားလှယ် ၁၅၀ အနေနှင့် ပါလီမန် မှ နုတ်ထွက်မည် ဖြစ်ကြောင်း၊ အကြောင်းမှာ အစိုးရနှင့် တွဲဖက် အလုပ်မလုပ်နိုင်တော့၍ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 
“ဒီအစိုးရဟာ ထိုင်းနိုင်ငံကို ထပ်ပြီး တရားဝင် မအုပ်ချုပ် နိုင်တော့ပါဘူး၊ ဒီပါလီမန် လွှတ်တော်လည်း တရားမဝင် တော့ပါဘူး။ ကျွန်တော်တို့ ဒီနေ့ပဲ နုတ်ထွက်ပါတယ်” ဟု အတိုက်အခံ ပါတီခေါင်းဆောင် အဘီဆစ် ဝိချာချီဝက ပြောကြားသည်။ 

ပါလီမန် ဖျက်သိမ်းမှုနှင့် ရွေးကောက်ပွဲသစ် ကျင်းပမည့် ကိစ္စကို ကြေညာသော်လည်း မည်သည့် နေ့ရက်တွင် ကျင်းပ ပြုလုပ်မည်ကို ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ဖော်ပြခြင်း မရှိပေ။ 
“ရွေးကောက်ပွဲကို ဖြစ်နိုင်သမျှ အမြန်ဆုံး ကျင်းပသွားမှာပါ” ဟု ၎င်းက ပြောကြားသည်။ 
“လတ်တလော အနေအထားမှာ အစိုးရကို ဆန့်ကျင်တဲ့ အုပ်စုတွေ အရမ်းများနေပါတယ်။ အကောင်းဆုံး နည်းလမ်းကတော့ အာဏာကို ပြည်သူတွေလက်ထဲ ပြန်ထည့်ပေးပြီး ရွေးကောက်ပွဲ တစ်ရပ် ကျင်းပနိုင်ရေးပဲ ဖြစ်ပါတယ်။ အဲဒီတော့ ပြည်သူလူထုကပဲ အဆုံးအဖြတ် ပေးပါလိမ့်မယ်” ဟု ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ဆိုသည်။ 

ရွေးကောက်ပွဲ မကျင်းပမီ ကာလအတွင်း ယင်းလပ်ရှင်နာဝပ် ဦးဆောင်သော အစိုးရအဖွဲ့ အနေနှင့် အိမ်စောင့် အစိုးရသဖွယ် ဆက်လက် ရပ်တည် သွားမည် ဖြစ်သည်။ 

ဝန်ကြီးချုပ် ယင်းလပ်က ပါလီမန် ဖျက်သိမ်းကြောင်းနှင့် ရွေးကောက်ပွဲသစ် တစ်ရပ် ကျင်းပမည် ဖြစ်ကြောင်း ကြေညာမှုသည် ဆန္ဒပြခေါင်းဆောင် ဆူတစ်တာဆူဘန်အား နှစ်သိမ့်နိုင်ဖွယ် မရှိဟု လေ့လာ စောင့်ကြည့်သူများက ဆိုသည်။ 

အကြောင်းမှာ တိုင်းပြည် အာဏာကို ရွေးကောက် တင်မြှောက်ထားခြင်း မရှိသော ပြည်သူ့ကောင်စီသို့ လွှဲပြောင်းပေးရန် တောင်းဆို ထားသောကြောင့် ဖြစ်သည်။ 

ရက်သတ္တပတ် အတော်ကြာ ဖြစ်ပွားခဲ့သော အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲကြီးသည် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းကို အတည်ပြုနိုင်ရန် ကြိုးပမ်းရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

အဆိုပါ ဥပဒေကြမ်းသာ အတည်ပြုမည် ဆိုပါက ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် အနေနှင့် ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက် လာနိုင်မည်ဖြစ်ရာ ယင်းအချက်ကို မကျေနပ်သော အတိုက်အခံတို့က အစိုးရ ပြုတ်ကျသည်အထိ ဆန္ဒပြလာကြခြင်း ဖြစ်သည်။ 

ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်သူ ယင်းလပ်ရှင်နာဝပ်သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။ 

ထို့နောက်ပိုင်း ကာလများတွင် အတိုက်အခံတို့က ယင်းလပ်သည် အစ်ကိုဖြစ်သူ သက်ဆင်ရှင်နာဝပ်၏ ရုပ်သေးရုပ်မျှသာ ဖြစ်ကြောင်း စွပ်စွဲပြောဆို ခဲ့ကြသော်လည်း ယင်းကိစ္စသည် ဟုတ်မှန်ခြင်း မရှိဟု ၎င်းက ထပ်ခါတလဲလဲ ငြင်းပယ်ခဲ့သည်။ 

ဒီဇင်ဘာလ ၅ ရက်နေ့က အသက် ၈၅ နှစ် ပြည့်ခဲ့ပြီ ဖြစ်သော ထိုင်းဘုရင် ဘူမီဘောက ပြန်လည် သင့်မြတ် ညီညွတ်ကြရန် ယင်းနေ့တွင် ထောင်ပေါင်း များစွာသော ပြည်သူများကို ပြောကြားထားသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here