5-12-2013
ဒီမိုကရေစီမိတ်ဆွေပါတီများအဖွဲ့ကို ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် အဖွဲ့အဖြစ် မူဝါဒများ ချမှတ် ကာ ပြောင်းလဲဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြော သည်။
၎င်းက “အရင် မဟာမိတ် မိတ်ဆွေပါတီဖွဲ့စဉ် မိတ်ဆွေပါတီအချင်းချင်း လွတ်လွတ်လပ်လပ် ဖွဲ့စည်း ထားတဲ့သဘောမျိုးရှိခဲ့လို့ လျော့ရိ လျော့ရဲဖြစ်တာတွေ ရှိခဲ့တယ်၊ အခု ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် အဖွဲ့ဆိုပြီး နာမည်ပြောင်းလဲ ဖွဲ့စည်းမယ်၊ အဖွဲ့ရဲ့ ဖွဲ့စည်းပုံမူကြမ်းတွေကို လက်ကျန်ငါးပါတီက အသစ် ရေးဆွဲသွားမှာပါ”ဟု ပြောသည်။
ထိုသို့ ပြောင်းလဲဖွဲ့စည်းရန် ဒီဇင်ဘာ ၄ ရက်တွင် ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအင်အားစု (ND F) ပါတီဌာနချုပ်ရုံးတွင် ပြုလုပ်သည့် ဒီမိုကရေစီ မိတ်ဆွေပါတီများ အစည်းအဝေးတွင် တက်ရောက်လာ သည့် အဖွဲ့ဝင်ပါတီကိုယ်စားလှယ်များ၏ သဘောတူညီမှုဖြင့် ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်ဟု ဦးခင်မောင် ဆွေထံမှ သိရသည်။
ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်အဖွဲ့သည် ရှေ့လုပ်ငန်းစဉ် မူဝါဒများအဖြစ် တိုင်းရင်းသား လူမျိုးစုများ အရေးကို အလေးအနက်ထားရန်၊ ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရန်ကို ဆောင်ရွက်သွားမည်ဖြစ် သည်။
ဒီမိုကရေစီ မိတ်ဆွေပါတီများအဖွဲ့၏ လက်ရှိဖြစ်ပေါ်နေသော အနေအထားများကို တက်ရောက်လာကြ သူများမှ ၀ိုင်းဝန်း ဆွေးနွေးကြပြီး တက်ရောက်လာကြသော ဒီမိုကရေစီ မိတ်ဆွေပါတီများကို အခြေခံ၍ အဖွဲ့ဝင်ပါတီသစ်များ ထပ်မံတိုးချဲ့လက်ခံသွားရန်၊ အဖွဲ့၏ လုပ်ဆောင် နိုင်မှုကို အဆင့်တိုးမြှင့်ရန်နှင့် ဖွဲ့ စည်းမည့် မဟာမိတ်အဖွဲ့၏ ဖွဲ့စည်းပုံကို မူကြမ်းရေးဆွဲတင်ပြပြီး နောင်ပြုလုပ်မည့် ဆွေးနွေးပွဲတွင် အ တည်ပြုရန်တို့ကို ဆွေးနွေးခဲ့ကြသည်။
ဒီမိုကရေစီ မိတ်ဆွေပါတီများအဖွဲ့တွင် အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ၊ ဒီမိုကရက်တစ်ပါ တီ (မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးပါတီ၊ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက် တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ပါဝင်ခဲ့ကြသည်။
Mizzima