Thursday, December 5, 2013

ပန်းလှိုင်မြစ်ကမ်း၌ အိုးအိမ်မဲ့ ၂၀၀ ခန့် ကျူးကျော် ဝင်ရောက်မှု မူလ ပိုင်ရှင်များနှင့် ပဋိပက္ခဖြစ်

0 comments
5.12.2013

ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ် ခလောက်ချိုက် ကျေးရွာအုပ်စု၊ ပန်းလှိုင် မြစ်ကမ်း တစ်လျှောက် ရှိ မြေများပေါ်သို့ လူအင်အား ၂၀၀ ဝန်းကျင်က ဝင်ရောက် ခုတ်ထွင် ရှင်းလင်းကာ နေအိမ် များ ဆောက် လုပ်မှုကြောင့် မူလ မြေပိုင်ရှင်များနှင့် နှစ်ဖက် ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း မြေကွက်ပိုင်ရှင် တစ်ဦးဖြစ်သူ ဦးသာဆိုင်က ပြောကြားသည်။

ဦးကျော်ထက်နိုင် အပါအဝင် လူခြောက် ဦးခေါင်ဆောင်သော လူ ၂၀၀ ဝန်းကျင်က ပန်းလှိုင် မြစ်ကမ်းရှိ (ပန်းလှိုင် တံတားအဆင်း ဝဲ၊ ယာ) ပန်းလှိုင် တံတားအဆင်း တွံတေးဘက် အခြမ်း ကွင်းအမှတ် ၁၅၃ /B ဝဲပြန်ကွင်းရှိ ဦးပိုင် အမှတ် (၈၅)၊ (၈၆)နှင့် ဦးပိုင်အမှတ် N-26 စုစုပေါင်း ၈၇ ဧကရှိ မြေကွက်များပေါ်တွင် ဒီဇင်ဘာလ ၁ ရက်နေ့ ညနေပိုင်းမှ စတင်ကာ ရောက်ရှိလာပြီး နေအိမ်တဲများ ဆောက်လုပ်ခြင်း၊ ခြံဝင်းခတ်ခြင်းများ ပြုလုပ်နေသဖြင့် ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ပိုင်းတွင် ခြံပိုင်ရှင် ဖြစ်သူများက သွားရောက် ဟန့်တားရာ နှစ်ဖက် အချင်းများကာ ပြဿနာ ဖြစ်ပွားခဲ့ကြောင်း ၎င်းကဆိုသည်။

တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် ဆဲဆိုကြရာမှ ခြံပိုင်ရှင်၏ သမီးဖြစ်သူနှင့် ခြံစောင့် ဖြစ်သူတို့ကို ကျူးကျော်သူများက တုတ်၊ ဓားလက်နက်များဖြင့် တိုက်ခိုက်မည် ပြုစဉ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ပန်းလှိုင် တံတားအနီးရှိ ရဲကင်းတွင်းသို့ ဝင်ရောက် ခိုလှုံခဲ့ရကြောင်း ခြံစောင့်ဖြစ်သူ ဦးဝင်းထွန်း က ပြောကြားသည်။
“လုံခြုံရေးရဲတွေက ကျွန်တော်တို့ကို ကာပေးထားတယ်၊ သူတို့က ကျွန်တော်တို့ကို ထုတ်ပေးခိုင်းတယ်၊ ပြီးတော့ ကျွန်တော်တို့ ဓာတ်ပုံ ရိုက်ထားတဲ့ ဖုန်း၊ မန်မိုရီကတ်တွေ တောင်းတယ်၊ နောက်တော့ ရဲတွေက ပြဿနာ ပိုဆိုးလာမှာစိုးလို့ ကတ်တွေကို ထုတ်ပေးလိုက်ရတယ်” ဟု ၎င်းက ဆိုသည်။

ယင်းနောက် ကျေးရွာခံ ပြည်သူများနှင့် တွံတေးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် များ ရောက်ရှိလာပြီး အခြေအနေမှာ ပြန်လည် ငြိမ်သက်ခဲ့သော်လည်း အဆိုပါ လူအုပ်စုသည် ပန်းလှိုင် တံတားအောက်တွင် ယာယီစခန်းချ နေထိုင်လျက် ရှိကြောင်း ခြံမြေပိုင်ဆိုင်သူများက ပြောကြား သည်။

ယင်းကဲ့သို့ နေအိမ်တဲများကို ကျူးကျော် ဝင်ရောက် ဆောက်လုပ် သူများသည် လှိုင်သာယာ မြို့နယ်တွင် နေထိုင်သူများ ဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်များက ၎င်းတို့၏ နေအိမ်များကို ဒီဇင်ဘာလ ၂ ရက်နေ့ နောက်ဆုံးထားကာ ဖျက်သိမ်း ပြောင်းရွှေ့ပေးရန် စာဖြင့် ညွှန်ကြား ထားသဖြင့် နေစရာမြေ မရှိခြင်းကြောင့် ယခုကဲ့သို့ ဝင်ရောက်ကာ တောများခုတ်ထွင် ရှင်းလင်း၍ နေထိုင်ရန် တဲများ ဆောက် လုပ်ခြင်း ဖြစ်ကြောင်း ခေါင်းဆောင်ဖြစ်သူ ဦးကျော်ထက်နိုင်က ပြောကြားသည်။

“အိုးမဲ့၊ အိမ်မဲ့ဖြစ်နေတဲ့ ဒီလူတွေအတွက် နိုင်ငံတော်ကလည်း ဘာမှလုပ်မပေးနိုင်ဘူး၊ ဒါကြောင့် ကျွန်တော် တတ်နိုင်သလောက် လုပ်ပေးမယ်ဆိုပြီး ဒီနေရာကို ခေါ်လာတာ၊ ဒီနေရာက မြေနုကျွန်းလို့ သိထားတာ၊ သုံးနှစ်လောက်ရှိပြီ ပေါ်နေတာ၊ ဘယ်သူမှ ဘာမှမလုပ်ကြဘူး၊ ဥပဒေအရ မြေလွတ်မြေရိုင်းကို ပြည်သူတွေ ပိုင်တယ်လေ” ဟု ၎င်းကဆိုသည်။

၎င်းတို့ အနေနှင့် နေအိမ်တဲများ ဆောက်လုပ်ခြင်းကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ သို့သော် ယခုကဲ့သို့ နေအိမ် တဲများ ဆောက်လုပ်ခြင်းသည် ယာယီနေထိုင်ရန် အတွက်သာ ဖြစ်ကြောင်း၊ ဦးပိုင် အမည်ပေါက်ရှိသည့် မြေနေရာများပေါ်တွင် ဆောက်လုပ် နေထိုင်မည် မဟုတ် ကြောင်း အဆိုပါ ကျူးကျော် ဝင်ရောက်သူများက ထပ်မံပြောကြားသည်။

“အခု ကျွန်မတို့နေတဲ့ နေရာကို မဖယ်ပေးရင် တရားစွဲမယ်၊ ပြီးတော့ အင်အားသုံးပြီး ဖယ်ရှားမယ်ဆိုပြီး အမိန့်ထုတ်ထားတာ၊ ဒီနေရာမှာ ဘာမှ ပြဿနာ မရှိဘူးဆိုလို့၊ ဘယ်သူမှ မပိုင်ဘူးဆိုလို့ တောတွေ၊ ချုံတွေ နုန်းတွေ၊ ရွှံ့တွေထဲမှာ ပင်ပင်ပန်းပန်း ရှင်းလိုက်ရတာ၊ နေစရာနေရာရပြီ ဆိုပြီး ပျော်လို့ရွှင်လို့၊ သူတို့က အကြမ်းဖက်ပြီး ဖယ်ခိုင်းမယ် ဆိုရင်လည်း ခံရုံပဲ၊ ကျွန်မတို့မှာ တခြားနေစရာမှ မရှိတာ” ဟု အဆိုပါ ကျူးကျော် ဝင်ရောက်သူများအနက် မသက်သက်မာက ပြောကြားသည်။

လတ်တလော အခြေအနေတွင် တစ်ဖက်နှင့်တစ်ဖက် ပဋိပက္ခ ထပ်မံ မဖြစ်ပွားစေရန် တွံတေးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ လုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်နေပြီး စိုးရိမ်စရာ အခြေအနေ မရှိကြောင်း အဆိုပါ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးလှသောင်းက The Voice သို့ ပြောကြားသည်။

အဆိုပါ ခြံမြေ ကျူးကျော် ဝင်ရောက်မှုအတွက် ကျော်ထက်နိုင်၊ အေးလွင်၊ သန်းဌေး၊ မြင့်သန်း၊ ညီညီအောင်နှင့် လှမြိုင် (စိစစ်ဆဲ) တို့အပါအဝင် ကျူးကျော် ဝင်ရောက်သူများကို တွံတေးမြို့နယ်၊ ခလောက်ချိုက် ရဲစခန်း မှ (ပ) ၈၀/၁၃၊ ပြစ်မှုပုဒ်မ ၄၄၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The  Voice  Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here