Thursday, December 5, 2013

မြန်မာတွင် ရင်းနှီးမြှုပ်နှံမည့်ကိစ္စ ကုမ္ပဏီများ အပေါ်၌သာ မူတည်ဟု ဗြိတိန်သံအမတ်ပြော

0 comments

5.12.2013

မြန်မာနိုင်ငံသို့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အမြော်အမြင်မဲ့ ဝင်ရောက်ခြင်း မပြုရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောဆို ထားသော်လည်း ဗြိတိန် စီးပွားရေး လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုမှာ ယင်းကုမ္ပဏီများ အပေါ်၌သာ မူတည်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး အင်ဒရူးပက်ထရစ်က The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများ ပိုမိုခိုင်မာစေရန် အရေးကြီး လုပ်ငန်းတစ်ခု ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ အပါအဝင် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်များနှင့် မြန်မာနိုင်ငံ၌ ဥပဒေများ ခိုင်မာအားကောင်းမှု နည်းပါးခြင်းကို ဗြိတိန် အစိုးရနှင့် ဗြိတိန် စီးပွားရေး လုပ်ငန်းများက ကောင်းစွာ နားလည်ထားသော် လည်း မြန်မာနိုင်ငံရှိ ဗြိတိန် စီးပွားရေး လုပ်ငန်းများကို မြှင့်တင်လိုကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“ဒေါ်စုပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှု ပြုဖို့ကိစ္စကတော့ သက်ဆိုင်ရာ ကုမ္ပဏီတွေရဲ့ အဆုံးအဖြတ်က အဓိကပါ” ဟု ဗြိတိန် သံအမတ်ကြီးက ဆိုသည်။

ဗြိတိန် စီးပွားရေး လုပ်ငန်းများ၊ ယဉ်ကျေးမှုနှင့် ပညာရေးကဏ္ဍ မြှင့်တင်ရန်အတွက် ဂရိတ်ဗြိတိန် ရက်သတ္တတစ်ပတ် (Great Britain Week) ကို ဒီဇင်ဘာလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပလျက် ရှိပြီး မန္တလေး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်များသို့ ဗြိတိန် သံအမတ်ကြီး ကိုယ်တိုင် သွားရောက်၍ ကျေးလက် ဒေသခံ များနှင့် တွေ့ဆုံကာ အကူအညီ ပေးရေး၊ ဗြိတိန်နိုင်ငံ၏ သမိုင်းနှင့် ယဉ်ကျေးမှုများကို ရှင်းလင်း ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ဗြိတိန် စီးပွားရေး လုပ်ငန်းများ၏ အဓိက ရင်းနှီးမြှုပ်နှံမှုမှာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ အဖျော်ယမကာ လုပ်ငန်းနှင့် လူသုံးကုန်ပစ္စည်း လုပ်ငန်းများတွင် ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကျော် ရင်းနှီး မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်း ၆၀ ကျော်တွင် ဗြိတိန်နိုင်ငံက အမေရိကန်ဒေါ်လာ သုံးဘီလီယံအထိ ရင်းနှီးမြှုပ်နှံ ထားပြီး မြန်မာနိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှု နိုင်ငံအလိုက် အဆင့်လေးတွင် ရပ်တည်နေ ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။
 
The  Voice  Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here