Tuesday, December 3, 2013

မိကျောင်းကန် ပြဿနာ လွှတ်တော် ဆုံးဖြတ်ချက် စောင့်ရန် နယ်စပ်ရေးရာ ဝန်ကြီးပြော

0 comments


တပ်မတော်ပိုင်အဖြစ် သတ်မှတ် သိမ်းယူထားသော ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် ရပ်ကွက် ၊ ဝေဇယန္တာ လမ်းမပေါ်ရှိ မိကျောင်းကန် အပိုင်း (၁၊ ၂၊ ၃) မြေကွက်များနှင့် ပတ်သက်၍ ထိုင်သပိတ် ဆင်နွှဲနေသူများ အနေနှင့် ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ်ကို စောင့်ဆိုင်းရန် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက သပိတ်ခေါင်းဆောင် များနှင့် တွေ့ဆုံစဉ်တွင် ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းစိစစ်ရေး ကော်မတီက အဆိုပါ ကိစ္စကို ပြည်ထောင်စု လွှတ်တော်တွင် မေးခွန်း မေးမြန်းထားပြီး ဖြစ်သည့်အပြင် ယင်းမြေကွက်များသည် လက်ရှိတွင် တပ်မတော်က ပိုင်ဆိုင်ခြင်းကြောင့် ၎င်းအနေနှင့် တစ်စုံတစ်ရာ ဆုံးဖြတ်ပေးနိုင်မည် မဟုတ်ကြောင်း ဒီဇင်ဘာလ ၂ ရက်နေ့က သင်္ဃန်းကျွန်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် ၎င်းကရှင်းပြသည်။

သပိတ်ဆင်နွှဲသူများ တောင်းဆိုထားသည့် အချက် ခုနစ်ချက်အနက် သပိတ်စခန်း ဖွင့်လှစ်နေသည့် မြစာရံအေး စေတီတော်ကို ၂၄ နာရီ ဖူးမြော်ခွင့်ပေးရန် ဆိုသည့် တောင်းဆိုချက် တစ်ချက်ကိုသာ လိုက်လျော ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆန္ဒပြသူများ အနေနှင့် ပိုင်ဆိုင်ကြောင်း အထောက်အထား အပြည့်အစုံ တင်ပြကာ လွှတ်တော် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေး အဖြေရှာသင့်သည်ဟု နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးက အကြံပြုသည်။
“ဒီမြေတွေဟာ တပ်မတော်ပိုင်မြေ ဖြစ်တဲ့အတွက် တပ်မတော်ရဲ့ စီမံခန့်ခွဲမှု အောက်မှာပဲ ရှိနေပါတယ်။ ကျွန်တော့်အနေနဲ့ တစ်စုံတစ်ရာ ဆုံးဖြတ်ပေးလို့ မရပါဘူး၊ ဥပဒေကြောင်း အတိုင်းပဲ ဆောင်ရွက်ဖို့ အကြံပေးချင်ပါတယ်” ဟု ၎င်းကဆိုသည်။

သို့သော် သပိတ်ဆင်နွှဲ နေသူများသည် ၎င်းတို့၏ တောင်းဆိုချက်များ မရမချင်း အသက်အသေခံကာ ယင်းနေရာတွင် ဆက်လက် ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း လူ ၃၀၀ ခန့် ပါဝင်သည့် သပိတ် အဖွဲ့ဝင်များက ပြောကြားသည်။
“ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံပြီးပါပြီ၊ သူတို့ ဘက်ကလည်း လွှတ်တော်မှာလည်း မေးပြီးပြီ၊ လုပ်ပေးနိုင်သလောက် လုပ်ခဲ့ပြီးပြီ၊ အစိုးရ ဘက်ကပဲ ဖြေရှင်းပေးဖို့ ကျန်တော့တာပါ၊ ဒါကို အစိုးရဘက်က ဘာမှအကြောင်း မပြန်သေးလို့ အခုလို ဆန္ဒထုတ် ဖော်ရတာပါ” ဟု ၎င်းက ပြောဆိုသည်။

မိကျောင်းကန်အရေး ဦးဆောင် လှုပ်ရှားသူများကို ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီး ထောင်ချထားသူများ ပြန်လွှတ်ပေးရန်၊ ယင်းမြေပေါ်ရှိ အဆောက်အအုံများ ဖယ်ရှားပေးရန်၊ ၎င်းတို့ သပိတ်စခန်းချရာ မြစာရံအေး စေတီတော်ကို ၂၄ နာရီ ဖူးမြော်ခွင့်ပေးရန်၊ သိမ်းယူ ထားသည့် မြေကွက်များနှင့် ပတ်သက်၍ အစိုးရ တာဝန်ရှိသူများ အနေနှင့် ဖြေရှင်းပေးရန် အပါအဝင် အချက် ခုနစ်ချက် တောင်း ဆိုထားသည်။

ယင်းမြေကွက်များ ပြန်လည် ရရှိရေးအတွက် ကိုးကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုအဖြစ် နိုဝင်ဘာလ ၂၆ ရက်နေ့က လမ်းလျှောက် ဆန္ဒထုတ်ဖော် ခဲ့ကြပြီး မူလက လမ်းလျှောက် ဆန္ဒပြရန်သာ ခွင့်ပြုမိန့် တောင်းခံခဲ့သော်လည်း ဆန္ဒ ထုတ်ဖော် တောင်းဆိုနေ စဉ်မှာပင် ဆန္ဒပြခေါင်းဆောင် နှစ်ဦးကို ဖမ်းဆီးပြီး ယခင်စွဲဆိုထားသည့် ပုဒ်မ ၁၈ ဖြင့် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့သည့်အတွက် ထိုင်သပိတ်အဖြစ် ပြောင်းလဲ ဆန္ဒထုတ်ဖော်ခဲ့သည်။

လတ်တလော ထိုင်သပိတ်ဖြင့် ဆန္ဒထုတ်ဖော်သူများအနက် သုံးဦးကို ပုဒ်မ ၁၈ ဖြင့် ထပ်မံအမှုဖွင့် အရေးယူထားကြောင်း သင်္ဃန်း ကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူး ဦးသက်ထွန်းက ပြောကြားသည်။

ယနေ့ ပြုလုပ်ခဲ့သည့် နှစ်ဖက် တွေ့ဆုံပွဲ တွင် သပိတ်ခေါင်းဆောင် ငါးဦးနှင့် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး၊ တိုင်းဥပဒေအရာရှိ၊ မြို့တော်စည်ပင် စီမံရေးရာ ဌာနမှူး၊ အရှေ့ပိုင်းခရိုင် ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူး၊ အိုးအိမ်နှင့် မြို့ရွာဖွံ့ဖြိုးရေး ဦးစီးဌာန လက်ထောက်အရာရှိတို့ အပါအဝင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူးတို့ တက်ရောက်ခဲ့သည်။

The  Voice  Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here