Wednesday, December 11, 2013

လွယ်တော်ခမ်းအုပ်စုထဲက ပူးပေါင်းဂိတ်ရွာလေး လျှပ်စစ်မီးရလို့ ရွာသူ ရွာသားတွေ ပျော်ရွှင်နေ

0 comments








11.12.2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပူးပေါင်းဂိတ်ရွာတွင် ရွာတည်စမှ စ၍ (၁၃)နှစ်တာ ကာလအတွင်း ယနေ့ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့မှစ၍ ပထမဦးဆုံး (၂၄)နာရီ လျှပ်စစ်မီးရရှိမှုအတွက် ကိုယ့်အား ကိုယ်ကိုး လျှပ်စစ်မီးဖွင့်ပွဲ နှင့် ဖဲကြိုးဖြတ် အခမ်းအနားကို အဆိုပါရွာ၌ပင် ပြုလုပ်ကျင်းပခဲ့ကြသည်။

အဆိုပါ လျှပ်စစ်မီးသုံးစွဲမှု ဖွင့်ပွဲ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လျှပ်စစ် နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်းနှင့် ခရိုင်မီးလင်းရေးကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင်က အမှာစကားပြောကြားသွားခဲ့သည်။

ယင်းနောက် လွယ်တော်ခမ်းကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဌ ဦးအေးမင်းငြိမ်း က ကျေးဇူးတင်စကားပြောကြားရာတွင် "အမှောင်ထဲမှာ မီးစက်လေးတွေ၊ မီးခွက်ကလေးတွေ၊ ဖယောင်းတိုင်မီးလေးတွေ၊ ရေအားလျှပ်စစ်မီး မှိန်မှိန်လေးတွေနဲ့ နှစ်ပေါင်းများစွာ နေသားကျလာခဲ့သည့် ပူးပေါင်းဂိတ်ရွာကလေးဟာ အခုဆိုရင် (၂၄)နာရီ မီးထိန်ထိန်လင်းနေပြီဖြစ်တဲ့အတွက်၊ လူကြီး၊ လူငယ်တွေအနေဖြင့် ပျော်ပါးနေကြပြီး၊ ကျောင်းသား၊ ကျောင်းသူများ မီးအလင်းရောင် အောက်မှာ အေးချမ်းစွာ စာကျက်မှတ်နိုင်ပြီဖြစ်တဲ့အတွက် အလွန်ပဲ ၀မ်းသာ ပီတိဖြစ်မိပါကြောင်း"စသည်ဖြင့် ပြောကြားသွားခဲ့သည်။

လွယ်တော်ခမ်းကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း (၃၀)ရှိရာ လားဟူရွာ (၁၁)ရွာ နှင့် ပလောင်ရွာ (၁)ရွာရှိပြီး ကျန်ရှိသည့် ရွာများမှာ အာခါရွာများဖြစ်ကြောင်း သိရသည်။ မြို့နယ်မီးလင်းရေးကော်မတီမှ ယခုလို ကျေးရွာများကို လျှပ်စစ်မီးသွယ်တန်းပေးခြင်းနည်းတူ မိုင်းကိုးကျေးရွာအုပ်စုတွင်လည်း (၂၄)နာရီ လျှပ်စစ်မီးလင်းနိုင်ရေးအတွက် ယခုအခါမှာ လုပ်ဆောင်နေလျှက်ရှိကြောင်း သိရှိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here