(အင်းဝမြို့ဟောင်းရှိ
မယ်နုအုတ်ကျောင်းအနီးတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့်
ကမ်းပါးပြို ကျနေသည် ကို တွေ့ရစဉ် (ဓာတ်ပုံ-ဌေးလှအောင်))
မန္တလေး ရှေးဟောင်းယဉ်ကျေးမှုဇုန် အတွင်းရှိ အင်းဝမြို့ဟောင်းအနီးတွင် ဧရာဝတီမြစ်ရေ တိုက်စား မှုကြောင့် ကမ်းပါးပြိုကျမှု ဆက်တိုက်ဖြစ်ပေါ်နေကြောင်း သိရသည်။
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် အင်းဝမြို့ဟောင်းအနီးဝန်းကျင်တွင် ယခုနှစ်အတွင်း ကမ်းပါးပြိုကျမှု အများဆုံးဖြစ်ပေါ်နေပြီး ရှေးဟောင်းအဆောက်အအုံများနှင့် မြစ်ကမ်းပါးပြိုကျသည့်နေရာမှာ တဖြည်းဖြည်း နီးကပ်လာနေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
" မြစ်ကမ်းပါးပြိုကျတာက ဒီနှစ်မှာ အဆိုးဆုံးဖြစ်နေတယ်လို့ ပြောလို့ရတယ်။ ဧရာဝတီမြစ်က သောင်ထွန်း လာတော့ ရေစီးကြောင်းပါပြောင်းလာတယ်။ သင်္ဘောအများစုကလည်း သောင်ထွန်းနေတော့ အင်းဝမြို့ဟောင်းဘက်ကနေ ရှောင်သွားတဲ့အချိန်မှာ ကမ်းပါးပြိုကျတာတွေဖြစ်ပါတယ်။ မြစ်ကမ်းပါးပြိုနေ တာကြောင့် နောက်ဆို ရှေးဟောင်း အဆောက်အအုံတွေပါ ထိခိုက်လာနိုင်တယ် " ဟု တောင်တော် ဆိပ်ကျေးရွာ မှ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
မြစ်ရေတိုက်စားမှုကြောင့် ဧရာဝတီနှင့် ဒုဋ္ဌ၀တီမြစ်တို့ဆုံရာ သံလျက်ကျွန်းမှစတင်ကာ အနောက်ဘက် ဆင်ကျုံးခံတပ်ကျော်အထိ ကမ်းပါးပြိုကျမှုများဖြစ်ပေါ်နေကြောင်း သိရသည်။ ကမ်းပါးပြိုကျမှုများသည် ခုနစ် ဧက ကျော်အထိပြိုကျပြီးဖြစ်ကြောင်း ဒေသခံများက ခန့်မှန်းကြသည်။
ရှေးဟောင်းယဉ်ကျေးမှုဇုန် တစ်ခုဖြစ်သည့် အင်းဝမြို့ဟောင်းသည် သဘာဝဘေးဒဏ်များကို ခေတ် အဆက် ဆက်ခံစားခဲ့ရပြီး ပြုပြင်ထိန်းသိမ်းမှု အားနည်းခဲ့သောကြောင့် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်နေရ ဆဲဖြစ်သည်။ ယခုကဲ့သို့ ဧရာဝတီမြစ်ကမ်းပါး ပြိုကျနေခြင်းများကြောင့် ရှေးဟောင်းအဆောက်အအုံများမှာ မကြာမီနှစ်များအတွင်း၌ ထိခိုက်မှုများရှိလာနိုင်ကြောင်းနှင့် တိုင်းဒေသကြီးအစိုးရမှ ထိန်းသိမ်းမှုများအမြန် လုပ်ဆောင်ရန် လိုအပ်နေကြောင်း သုံးသပ်မှုများရှိနေသည်။
အင်းဝမြို့ဟောင်းသို့ နှစ်စဉ် နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်နေပြီး ဗားကရာကျောင်း၊ မယ်နုအုတ်ကျောင်း၊ နန်းမြင့်မျှော်စဉ်၊ ရှေးဟောင်းစေတီပုထိုးများ နှင့် အဆောက်အအုံများအား စိတ်ဝင် တစား လာရောက် လည်ပတ်လျက်ရှိသည်။ အင်းဝမြို့ဟောင်းအား သတိုးမင်းဖျားမှ ခရစ်နှစ် ၁၃၆၄ တွင် တည်ထောင်ခဲ့ပြီး သာယာဝတီမင်းလက်ထက် ၁၈၄၀ ခုနှစ်ထိ မင်းနေပြည်တော်ဖြစ်ခဲ့ပြီး နှစ်ပေါင်း ၆၅၀ ၀န်းကျင်ခန့် သက်တမ်းရှိပြီဖြစ်သည်။
Eleven Media Group