Friday, December 6, 2013

လွှတ်တော်၊ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အပါအ၀င် အင်အားစုအားလုံး ပါဝင်သည့် ပြည်ထောင်စု ညီလာခံပေါ်ပေါက်ရေး တွန်းအားပေးမည့် လုပ်ငန်းကော်မတီ ယခုလကုန်တွင် ဖွဲ့စည်းမည်

0 comments
လွှတ်တော်၊ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အပါအ၀င် အင်အားစုအားလုံး ပါဝင်သည့် ပြည်ထောင်စု ညီလာခံ ပေါ်ပေါက်ရေး တွန်းအားပေးမည့် လုပ်ငန်းကော်မတီ တစ်ခုကို ယခု လကုန်တွင် ဖွဲ့စည်းမည်ဟု အဆိုပါ လုပ်ငန်းကော်မတီ ပေါ်ပေါက်ရေး ဆောင်ရွက်နေသည့် ကြိုတင်ပြင် ဆင် ညှိနှိုင်းရေး အလုပ်အဖွဲ့မှ ဦးမြင့်အောင်က ဒီဇင်ဘာ ၅ ရက်က ပြောကြားသည်။

ယခုနှစ် သြဂုတ်လ ရန်ကုန်မြို့၌ ကျင်းပခဲ့သော ရှစ်လေးလုံး အရေးတော်ပုံ (၂၅)နှစ် ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ရှစ်လေးလုံး ငွေရတု ကြေညာစာတမ်းအား ထုတ်ပြန်ခဲ့ရာ ဒီမိုကရက်တစ် ဖက်ဒ ရယ် ပြည်ထောင်စု နိုင်ငံတော်သစ်ကို ထူထောင်ရန် လိုအပ်ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သည် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကို ဖော်ဆောင်ပေးနိုင်ခြင်း မရှိသောကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရန် သို့မဟုတ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ပြန် လည် ရေးဆွဲရန် လိုအပ်ကြောင်းနှင့် ထိုသို့ ဖော်ဆောင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန် လည် သင့်မြတ်ရေးကို ဦးတည်သော အမျိုးသား အင်အားစုအားလုံး ပါဝင်သည့် ပြည်ထောင်စု ညီလာခံ တစ်ရပ်ကို ကျင်းပရန် လိုအပ်ကြောင်း စသည်တို့ ပါဝင်သည်။

ဦးမြင့်အောင်က ''ကျွန်တော်တို့ ပေါ်ပေါက်လာမယ့် လုပ်ငန်းကော်မတီက ညီလာခံခေါ်မှာ မဟုတ်ဘူး။ ညီလာခံဖြစ်အောင် တွန်းမှာ။ ပေါ်လာတဲ့ လုပ်ငန်းကော်မတီသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ နဲ့ သွားတွေ့ရမယ်။ နိုင်ငံရေးပါတီတွေကို တွေ့ရမယ်။ လွှတ်တော်ကိုလည်း တွေ့ရမယ်။ အစိုးရ လည်း တွေ့ရမယ်။ တပ်မတော်ကိုလည်း တွေ့ရမယ်။ ဒီအဖွဲ့တွေ့ကို သွားတွေ့မယ်။ ပြည်ထောင်စု ညီလာခံကြီး ဖြစ်ပေါ်လာအောင် ဒီအဖွဲ့က အဖွဲ့အစည်းတွေ အားလုံးနဲ့ တွေ့ဆုံပြီးတော့ တွန်းအားပေး မယ်'' ဟု ဆိုသည်။ ''အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကြီးတစ်ရပ် ပေါ်ပေါက်လာဖို့ ဒီအဖွဲ့က တွန်းအားပေးရမယ်။ ဒီအဖွဲ့ကို ဒီဇင်ဘာလကုန် ဇန်န၀ါရီလဆန်းမှာ အဖွဲ့ပေါ်ပေါက် လာပါလိမ့်မယ်'' ဟု ဦးမြင့်အောင်က ဆက်လက် ပြောကြားသည်။

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ (၂၅)နှစ်ပြည့် အခမ်းအနားမှ ရရှိသည့် ကြေညာစာတမ်းအား အကောင်အထည်ဖော်မည့် လုပ်ငန်းကော်မတီ ဖွဲ့စည်းရေးအတွက် ကြိုတင်ပြင်ဆင် ညှိနှိုင်းရေး အလုပ်အဖွဲ့ဖွဲ့ကာ ဆောင်ရွက်နေပြီး ဒီဇင်ဘာ ၁၄ ရက်တွင် လုပ်ငန်းကော်မတီ ဖွဲ့စည်းရေး အတွက် နေရာနှင့် ဖိတ်ကြားမည့် အဖွဲ့အစည်းများကို သတ်မှတ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၌ ကျင်းပခဲ့သော ရှစ်လေးလုံး အရေးတော်ပုံ (၂၅)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် တိုင်းရင်းသား အဖွဲ့အစည်းများ၊ နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ''တိုင်းရင်းသားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အနာဂတ် ပြည်ထောင်စု''၊ ''လူ့အခွင့်အရေးနှင့် ဒီမိုကရေ စီ ဖြစ်ပေါ်တိုးတက်မှု''၊''စစ်မှန်သောအမျိုးသား ပြန်လည်သင့်မြတ်ရေး''၊''တိုင်းပြည်ပြန်လည်တည်ဆောက်ရေးနှင့် ဒီမိုကရေစီ အင်အားစုများ၏ အခန်းကဏ္ဍ'' စသည့် ခေါင်းစဉ်လေး ရပ်ဖြင့် ဆွေးနွေးခဲ့ကြသည်။

 (ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ (၂၅)နှစ်ပြည့် အခမ်းအနား တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ် (Photo: AP))

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here