ရန်ကုန်၊ ဒီဇင်ဘာ ၉
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာရှိ ကံကုန်းကျေးရွာတွင် ဆာလဖြူရစ်အက်စစ် ထုတ်လုပ်နေ မှု များကြောင့် ဒေသခံများ အက်စစ် အဆိပ်ဓာတ်သင့် မသင့်ကို ဇန်နဝါရီလအတွင်း ကျန်းမာရေး စစ်တမ်း ကောက်ယူမည် ဖြစ်ကြောင်း ECODEV အဖွဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူ က ပြောကြား သည်။
အဆိုပါဒေသမှ မြေနှင့်ရေ နမူနာ များကို ၎င်းတို့ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေး စေရာတွင် အက်စစ် ဓာတ်သင့်မှု တွေ့ရှိရသဖြင့် ယခုကဲ့သို့ ဒေသခံများတွင်ပါ ယင်းအက်စစ်ဓာတ်သင့်ခြင်း ရှိ မရှိ အခြေအနေကို သိရှိနိုင်ရန် ကျန်းမာရေးစစ်တမ်း ကောက်ယူ မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ကြေးနီ သတ္တုတွင်း စီမံကိန်းနယ်မြေနှင့် အနီးဝတ်ဝန်းကျင်ဒေသမှ မြေအောက် ရေနမူနာ ၁၀ ခုနှင့် မြစ်ချောင်းနှင့် ကန်ရေတို့၏ မျက်နှာပြင် ရေနမူနာငါးခုကို ဓာတ်ခွဲစမ်းသပ်ခဲ့ရာ မြေအောက်ရေတွင် စီမံကိန်းနယ်မြေ ပြင်ပရှိ တွင်းများထက် လည်းကောင်း၊ မြစ်ရေ ချောင်းရေများထက် လည်းကောင်း အက်စစ်ဓာတ် ပိုမို များပြားသည်ကို တွေ့ရကြောင်း ၂၀၁၃ ခုနှစ် မတ်လအတွင်း ထုတ်ပြန်ခဲ့သည့် လက်ပံတောင်းတောင် ကြေးနီး စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင် ခံစာတွင် ဖော်ပြထားသည်။
ယင်းကဲ့သို့ စစ်တမ်း ကောက်ယူရန်အတွက် ပြည်တွင်းနှင့် နိုင်ငံတကာမှ ပညာရှင်များကို ဖိတ်ခေါ်ထားပြီး ကျန်းမာရေး ဝန်ကြီးဌာနနှင့်လည်း ဆွေးနွေးညှိနှိုင်းမည် ဖြစ်ကြောင်း ဦးဝင်းမျိုးသူက ဆက်လက် ပြောကြား သည်။