Tuesday, December 10, 2013

နမ့်ခုံး သျှမ်းများ ပရဟိတ အသင်းကြောင့် ကျေးလက်လူထု အခက်အခဲ လျော့ပါး

0 comments


10.12.2013

နမ့်ခုံး သျှမ်းများ ပရဟိတအသင်း (တောင်ကြီး)၏ (လာမည့် ဖေဖော်ဝါရီ လတွင် တစ်နှစ်ပြည့် မည့်) ဆေးဝါး ကုသပေးမှုကြောင့် ဒေသတွင်းနှင့် ရပ်နီးရပ် ဝေးမှ ပြည်သူလူထုတို့ ရင်ဆိုင်နေရသည့် အခက်အခဲများ လျော့ပါးသွားကြောင်း တောင်ကြီးရောက် နယ်ခံများက ပြောသည်။

“သူတို့ဆီမှာ လူ ၅၀၀ အထိ ဧည့်ခံနိုင်တဲ့ ပစ္စည်းတွေရှိတယ်။ သူတို့ရုံးက ဝေဠုဝန်ကျောင်းတိုက်နားမှာဘဲ။ အသင်းဝင်တွေ ကလည်း အနယ်နယ် အရပ်ရပ်က လူငယ်တွေပေါ့။ သူတို့အသင်းပေါ်လာကတည်းက နယ်ခံတွေအတွက် တော်တော်လေး အဆင်ပြေသွားတယ်။ သာရေးရော နာရေးရော အကုန်အစုံ ကူညီပေးတယ်လေ” တောင်ကြီးရောက် ဆီဆိုင်မြို့သား စိုင်းစိုင်းက ပြောသည်။

တောင်ကြီးမြို့ ကျောင်းကြီးစုရပ်တွင် ရုံးစိုက်ထားသော နမ့်ခုံး သျှမ်းများ ပရဟိတ အသင်း (တောင်ကြီး) တွင် အသင်းဝင် ၁၀၀ ကျော်ရှိပြီး တောင်ကြီးမြို့တွင်း၊ မြို့ပြင် ကျေးလက်လူထု လူမျိုးဘာသာ မရွေးအား အကူအညီပေးနေကြောင်း အသင်း ၏ အတွင်းရေးမှူး စိုင်းဆိုင်မိဏ်းက ပြောပါသည်။

“ ကျနော်တို့အသင်း ရုံးဖွင့် ဆေးခန်းဖွင့်ပြီး သာရေးနာရေး ကူညီ လာပေးတာ တနှစ်မပြည့်သေးပါဘူး။ လူမျိုးမရွေး ဘာသာ မရွေး ကျနော်တို့ ကူညီပေးတယ်။ တောင်ကြီးမြို့တွင်း သာမက မြို့ပြင် မြို့နယ်တွေ ဆီ သွားပြီးစစ်ဆေး ကုသပေးပါတယ်။ မနေ့တနေ့ကတောင်မှ ဆီဆိုင် နောင်မွန်ဘက်မှာ သွားပြီးစစ်ပေး တယ်။ ဆေးကားရော လူနာတင်ကား တွေနဲ့ရော ပါသွားတယ်။ ကျနော်တို့ကို ဒီပစ္စည်းတွေကို ဂျပန်က ကူညီပေးတာ ဖြစ်ပါတယ်။”

အရင်တပတ်ကလည်း သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် အတွင်း ဒေသခံတဦး တောင်ကြီး တက်ဆေးကု၍ ကွယ်လွန် သွားရာ နမ့်ခုံးအသင်းက ကူညီသဖြင့် ကျန်ရစ်သူမိသားစုမှ အဆင်ပြေ သွားကြောင်း တောင်ကြီးရောက် လင်းခေး ဒေသခံ စိုင်းနု က ပြောသည်။

“နမ့်ခုံးအသင်းက ကူညီလို့ အရမ်းကို အဆင်ပြေသွားတာပေါ့ဗျာ။ မဟုတ်ရင် ဆွေမျိုးရင်းချာ မရှိတဲ့ မြို့ကြီးမှာ ဆေးတက် ကုရင်း ဆုံးတယ်ဆိုတာ စရိတ်က နဲနဲနောနော မဟုတ်ဘူး။ အခု နမ့်ခုံးက လူနာ တင်ကားနဲ့ သေသူရဲ့ရွာ (နမ့်ဆိုင်း) အထိ ပို့ပေးတော့ ညတွင်းချင်းဘဲ ပြန်ရောက်တာပေါ့။ ကျေးဇူး အရမ်းကြီးပါတယ်ဗျာ။”

အဆိုပါ ပရဟိတ အသင်းမှ သူနာပြုတဦးကလည်း “ ကျမတို့အသင်းက လူထုဆီက ဘာမှ မမျှော်လင့်ပါဘူး။ လူထုအဆင် ပြေဖို့ဘဲ။ ဒါပေမယ့် ကူညီလှူဒါန်းဖို့ စေတနာရှင်တွေ ပေါ်လာရင်လဲ ကျမတို့ ဝမ်းသာအားရ ကြိုဆိုပါတယ်” ဟု သျှမ်းသံ တော်ဆင့်အား ပြောပါသည်။

နမ့်ခုံး ပရဟိတ အသင်း၏ အထွေထွေ ရောဂါကုဆေးခန်းကို တနင်္လာနေ့မှ သောကြာနေ့အထိ မွန်းလွဲ ၁ နာရီခွဲမှ ၃ နာရီခွဲ အထိလည်းကောင်း မျက်လုံးဝေဒနာသည်များအား စနေနေ့တိုင်း မနက်ပိုင်းတွင် လည်းကောင်း စမ်းသပ်ကုသ ပေးလျှက်ရှိသည်။ အသင်းဥက္ကဌမှာ ဆရာစိုင်းထွန်းမြတ် (ကွန်ဟိန်း) ဖြစ်ပါသည်။

နမ့်ခုံး သျှမ်းများ ပရဟိတအသင်း (တောင်ကြီး) သည် ၂၀၁၃ ဖေဖော်ဝါရီမှ နိုဝင်ဘာလကုန်အထိ ကူညီဆေးစစ် ကုသပေးသော လူနာ ၅၈၆၀ ဦး ရှိပြီး ၊ မျက်စိ ရောဂါဝေဒနာရှင် ၂၇၀ ကျော်၊ ခွဲစိပ်ပေးသည့်လူနာ ၃ ဦး၊ သွေးလှူပေးရ သောလူနာ ၈၉ ဦး၊ နာရေး ၃၉၈ ဦးတို့ကို ကူညီပေးခဲ့ကြောင်း အသင်း၏ အတွင်းရေးမှူးက ပြောပါသည်။

နမ့်ခုံး သျှမ်းများ ပရဟိတအသင်း (တောင်ကြီး)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here