Wednesday, December 18, 2013

ရေထုညစ်ညမ်းမှုကြောင့် ဧရာဝတီလင်းပိုင် သေဆုံးမှုများဟုဆို

0 comments


18.12.2013

ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် နေထိုင် ကျက်စားလေ့ရှိသည့် လင်းပိုင်များ သေဆုံးမှုများလာနေရခြင်းမှာ ရေထု ညစ်ညမ်းမှုနှင့် စည်းကမ်းမဲ့ငါးဖမ်းဆီးမှု တို့ကြောင့် ဖြစ်သည်ကို လေ့လာတွေ့ရှိရကြောင်း သားငှက်တိရစ္ဆာန် လေ့လာ ထိန်းသိမ်းရေးပညာရှင် ဦးအောင်မျိုးချစ်က ပြောကြားသည်။

အဆိုပါ လင်းပိုင်များကို ၂၀၀၆ ခုနှစ် မှစတင်၍ လေ့လာလျက်ရှိရာတွင် ရေအရည်အသွေး ညစ်ညမ်းခြင်း၊ ရွှေတူး လုပ်ငန်းများမှ ထွက်လာသည့် ပြဒါးဓာတ် သင့်ခြင်းနှင့် လျှပ်စစ်ရှော့ခ်ရိုက် ငါးဖမ်းခြင်း စသည်တို့ကြောင့် ဖြစ်ကြောင်း ၄င်းကဆိုသည်။

ယင်းကြောင့် မြစ်ကြောင်းအတွင်း မျိုးတုံးမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် လင်းပိုင်များကို ထိန်းသိမ်းရန်နှင့် ငါးသယံဇာတ ထိန်းသိမ်းရေး လုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ တိုးမြှင့်ဆောင်ရွက်ရန် လိုကြောင်း ဦးအောင်မျိုးချစ်က တိုက်တွန်း ပြောကြားသည်။

ဧရာဝတီလင်းပိုင်မှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စသော မဲခေါင်ဒေသ အတွင်း၌ နေထိုင်ကျက်စား ကြပြီး ယခုအခါ မျိုးတုံး ပျောက်ကွယ်နိုင်သော အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

စစ်ကိုင်းနှင့် မန္တလေးမြို့အကြား ဧရာဝတီမြစ် အစိတ်အပိုင်း၊ မင်းကွန်းနှင့် ကျောက်မြောင်းမြို့ အကြားတွင် တည်ရှိသည့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး နယ်မြေကို ၂၀၀၅ ခုနှစ် ဒီဇင်ဘာလက စတင်ကာ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။


The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here