Wednesday, December 18, 2013

နျူကလီးယားလက်နက် တပ်ဆင်နိုင်သော ဒုံးကျည်များ ဥရောပ နယ်စပ်ဒေသသို့ ရုရှား ပြောင်းရွှေ့နေရာချ

0 comments


18.12.2013

နျူကလီးယားလက်နက် တပ်ဆင်နိုင်သော အတ်ကန်ဒါ ဒုံးကျည်များကို ရုရှားနိုင်ငံက ဥရောပနှင့် ရုရှား နယ်နိမိတ်ချင်း ထိစပ်နေသော ဒေသသို့ ပြောင်းရွှေ့နေရာ ချထားခြင်းကြောင့် ဥရောပ နိုင်ငံများတွင် စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်နေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အမေရိကန် ဦးဆောင် အကောင်အထည် ဖော်နေသော လေကြောင်းရန် ကာကွယ်ရေးစနစ်ကို တုံ့ပြန်သည့်အနေနှင့် အတ်ကန်ဒါ ဒုံးကျည်များကို ရွှေ့ပြောင်းနေရာ ချထားခြင်း ဖြစ်ကြောင်း ရုရှားနိုင်ငံက တနင်္လာနေ့တွင် ထုတ်ဖော် ပြောကြားသွားသည်။

အတ်ကန်ဒါ ဒုံးကျည် အမျိုးအစားမှာ ကီလိုမီတာ ၅၀၀ ( ၃၁၀ မိုင်) အထိ ပစ်ခတ်နိုင်ပြီး မြေပြင် အခြေ စိုက် ရေဒါစနစ်များနှင့် နေတိုးတပ်ဖွဲ့၏ ဒုံးခွင်းဒုံးများကို ချေမှုန်းနိုင်သည့် ဒုံးပျံအမျိုးအစား ဖြစ်သည်။

အက်စတိုးနီးယား၊ လစ်သူရေးနီးယား၊ လတ်ဗီးယား နိုင်ငံသုံးခုနှင့် ထိစပ်နေသော ရုရှားအနောက်ဘက် စစ်တိုင်းဒေသသို့ အတ်ကန် ဒါ ဒုံးကျည်များ စေလွှတ်ထားကြောင်း ထိပ်တန်း ရုရှားကာကွယ်ရေး အရာရှိတစ်ဦးက အတည်ပြု ပြောကြားသည်။

ယင်းကဲ့သို့ ဒုံးကျည်များ စေလွှတ်ထားမှုသည် မည်သည့် နိုင်ငံတကာ သဘောတူညီချက်နှင့် စာချုပ်ကိုမျှ ချိုးဖောက်မှု မရှိခြင်းကြောင့် အနောက်နိုင်ငံများ အနေနှင့် ကန့်ကွက်ဆန္ဒပြရန် မလိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဥရောပတိုက်တွင် ဒုံးကျည် ကာကွယ်ရေးစနစ် လာရောက် တပ်ဆင်ပါက တာတို ပစ်ဒုံးကျည်များ တပ်စွဲချထားခြင်းဖြင့် တုံ့ပြန်မည် ဟု ရုရှားနိုင်ငံက ၂၀၁၁ ခုနှစ် ကတည်းက သတိပေးခဲ့သည်။

ဒုံးခွင်းဒုံးစနစ်မှာ ဆိုးသွမ်းနိုင်ငံများမှ လာသော ဒုံးကျည်များ အန္တရာယ်ကို တန်ပြန်ခြင်း ဖြစ်ပြီး ရုရှားကို ဦးတည်ခြင်း မဟုတ်ဟု အမေရိကန်နိုင်ငံက ပြောကြားထားသော်လည်း ရုရှားက ယုံကြည်ခြင်းမရှိဘဲ မိမိ၏ ဒုံးကျည်တပ်ဖွဲ့များကို ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ခံယူထားသည်။“ဒေသတွင်း မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တဲ့ ခြေလှမ်းတွေ မလုပ်ဆောင်ဖို့ ရုရှားကို တိုက်တွန်းပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ပြောရေးဆိုခွင့်ရှိသူ မာရီဟတ်က ပြောကြားလိုက်ပြီး ရုရှား၏ အပြုအမှုမှာ အနှောင့်အယှက် ဖြစ်စေသော အပြုအမှု ဖြစ်သည်ဟု ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝေဖန်လိုက်သည်။

ထို့အပြင် ရုရှားနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ဆိုဗီယက် ပြည်ထောင်စု အဖွဲ့ဝင် နိုင်ငံဟောင်းများဖြစ်သော အက်စတိုးနီးယား၊ လစ်သူရေးနီးယား၊ လတ်ဗီးယား နိုင်ငံတို့ကလည်း ရုရှားနိုင်ငံ၏ ဒုံးပျံများ စေလွှတ်ထားမှုကို စိုးရိမ်မိကြောင်း ထုတ်ဖော် ပြောကြား လိုက်သည်။

သို့သော်လည်း ရုရှားနိုင်ငံတွင် အတ်ကန်ဒါ ဒုံးကျည် အမျိုးအစား ၆၀ ခန့်သာ ရှိနိုင်ပြီး ယင်းအရေအတွက်ဖြင့် အနောက်နိုင်ငံများကို ခြိမ်းခြောက်နိုင်မှု မရှိကြောင်း ပိုလန်စသည့် နိုင်ငံများရှိ ပြည်သူများ၏ သဘောထားအပေါ် လွှမ်းမိုးနိုင်ရန် အတ်ကန်ဒါ ဒုံးကျည်များ အသုံးပြု ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း စစ်ဘက်လေ့လာ သုံးသပ်သူများက ပြောကြားသည်။“သူတို့က ဝါဒဖြန့်ချိရေး တိုက်ပွဲတစ်ခု တိုက်နေတာပါ။ ပိုလန်တွေ ကြောက်လာပြီး အမေရိကန်ဒုံးကျည် အစီအစဉ်ကို ကန့်ကွက်လာအောင် ရည်ရွယ် လုပ်ဆောင်တာပါ” ဟု စစ်ဘက်ရေးရာ ကျွမ်းကျင်သူ ပေဗယ်က ပြောကြားသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here