Friday, January 3, 2014

တိုင်းနှင့်ပြည်နယ် အခွန်ကောက်ခံခွင့်တိုးမြှင့်ရန် တိုင်းရင်းသားပါတီအချို့ တောင်းဆို

0 comments
3.1.2014

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းနှင့်ပြည်နယ်များ ကောက်ခံခွင့်ရှိသော အခွန်အခများနှင့်ပတ်သက် သည့်ဥပဒေများပြင်ဆင်ပေးရန် တိုင်းရင်းသားပါတီအချို့က ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံလေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီသို့ အကြံပြုစာများ ပေးပို့ထားသည်ဟု တိုင်းရင်းသားပါတီအချို့က မဇ္ဈိမ ကို ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် တိုင်း၊ ပြည်နယ်များ လုပ်ပိုင်ခွင့်ပြုထားသည့် ဇယား(၂)ပါ ဥပဒေပြုစာရင်းနှင့် ဇယား(၅)ပါ တိုင်း၊ ပြည်နယ်များ ကောက်ခံခွင့်ရမည့် အခွန်အခများနှင့် ပတ်သက် သည့် လုပ်ပိုင်ခွင့်များကို တိုးမြှင့်ပေးရန် တိုင်းရင်းသားပါတီများက အကြံပြုချက်များ ပေးပို့ထားခြင်းဖြစ် သည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) က အခြေခံဥပဒေပြင်ဆင်ရေး အကြံပြုချက် ၅၈ ချက်နှင့် ဇယား (၂) နှင့် ဇယား (၅)တို့ကို ပြင်ဆင်ပေးရန် ကော်မတီသို့ ပေးပို့ထားခြင်းဖြစ်သည်။ တိုင်းနှင့် ပြည်နယ်များ၏ အခွန်အခများ ကောက်ပိုင်ခွင့်နှင့် ဥပဒေပြုခွင့်များတွင် ဒေသအစိုးရ၏ လုပ်ပိုင်ခွင့်ကို ၇၅ ရာခိုင်နှုန်းခန့် အထိ တိုးမြှင့်ပေးရန် အကြံပြုထားသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ အခြေခံဥပဒေပြင်ဆင်ရေးအဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်းက “ပြည်နယ်အတွင်းက ယဉ်ကျေးမှုအမွေအနှစ်တွေကို ဥပဒေပြုပြဋ္ဌာန်းပြီး ထိန်းသိမ်းပိုင် ခွင့်မရှိဘူး။ ဗဟိုအစိုးရကသာ ဥပဒေပြုခွင့်ရထားတယ်။ တိုင်း၊ ပြည်နယ်တွေမှာ ပြည် တွင်းရေကြောင်း တွေကို ဥပဒေပြုခွင့်မရှိတာတွေကို ဇယား(၂)မှာ ထည့်ပေးပါလို့ အကြံပြုထားတယ်။ ဇယား (၁)က ဗဟို အစိုးရလုပ်ပိုင်ခွင့်ရထားတဲ့ အချက်တွေထဲက ပြည်နယ်တွေကို လုပ်ပိုင်ခွင့်ပေးဖို့ တိုးတောင်းထားတယ်” ဟု ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) က အခြေခံဥပဒေပါ သမ္မတဖြစ်ခွင့်ကို ကန့်သတ် ထားသည့် ပုဒ်မ ၅၉ (စ) အပါအ၀င်၊ ပုဒ်မ ၁၀၂ ချက်၊ ဇယား(၂) နှင့် ဇယား(၅) ကို ပြင်ဆင်ပေးရန် ပေး ပို့ထားပြီးဖြစ်သည်ဟုလည်း ယင်းပါတီ ဗဟိုကော်မတီဝင် ဦးဘိုးအောင် က ပြောသည်။

“ပြည်နယ်တွေ ကောက်ခံခွင့်ရတဲ့ အခွန်အခတွေက ပြည်ထောင်စုနဲ့ ပြည်နယ် အာဏာခွဲဝေမှုက အများကြီးကွာဟနေတယ်။ ပြည်နယ်ကထွက်တဲ့သစ်တောတွေကို ကျွန်းသစ်မှအပ ကောက်ခံခွင့် ဆိုတဲ့အချက် မှာ ပြည်နယ်တွေက ၀ါးနဲ့ ထင်းလောက်ပဲ ကောက်ခံခွင့်ပြုထားတယ်”ဟု ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ကမူ အခြေခံဥပဒေ ပြင်ဆင်ရေး အကြံပြုချက် ၂၀ ကျော်နှင့် တိုင်းပြည်နယ်လုပ်ပိုင်ခွင့်များကို တိုးမြှင့်ပေးရန် ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ အကြံပြုချက်များ ပေးပို့ထားသည်။

ယင်းပါတီမှ စစ်တွေမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က “အခွန်အခဆိုရင်လဲ ကမ်းနီးလုပ်ငန်းတွေကို ပြည်နယ်ကို လုပ်ခွင့်ပြုထားပြီး ဗဟိုအစိုးရက ကမ်းဝေးလုပ်ငန်းတွေကို ချုပ် ကိုင်ထားတယ်။ စစ်မှန်တဲ့ တန်းတူညီမျှမှုကို ပေးမယ်ဆိုရင် ဗဟိုအစိုးရနဲ့ တိုင်း၊ ပြည်နယ်တွေ အာဏာ ခွဲဝေမှုကို တန်းတူအခွင့်အရေးပေးဖို့ တောင်းဆိုထားတယ်”ဟု ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၂)တွင် ပါဝင်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ ၏ ဥပဒေပြုစာရင်းများ၊ ဇယား(၅)တွင် ပါဝင်သော ကောက်ခံရမည့် အခွန်အခများသည် တိုင်းနှင့် ပြည် နယ်အစိုးရများ၏ လုပ်ပိုင်ခွင့် လျော့နည်းနေပြီး ဗဟိုအစိုးရက လုပ်ကိုင်ခွင့် ပိုများနေသောကြောင့် တိုင်း ရင်းသားပါတီများက ပြင်ဆင်လိုကြောင်း အကြံပြုချက်များ ပေးပို့ထားခြင်းဖြစ်သည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here