Tuesday, February 18, 2014

ရှမ်းပြည်နယ်အတွင်း ဘိန်းအစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်မည်ဟု ပြည်ထဲရေးဒု-၀န်ကြီး ပြော

0 comments
18.2.2014

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ခြောက်ခုဖြစ်သည့် မိုးနဲ၊ မိုင်းပန်၊ ပင်လောင်း၊ ဖယ်ခုံ၊ လင်းခေးနှင့် မိုင်းတုံ မြို့နယ်များတွင် ဘိန်းအစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကုလသမဂ္ဂ မူးယစ်ဆေး ၀ါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)နှင့် ပူးပေါင်းတိုးချဲ့ သွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်မှူး ချုပ်ကျော်ကျော်ထွန်းက နေပြည်တော်တွင် ဖေဖော်ဝါရီ ၁၇ ရက်က ကျင်းပသည့် အခမ်းအနား တစ်ရပ် တွင် ပြောသည်။

“ဘိန်းစိုက်တောင်သူများ စားနပ်ရိက္ခာဖူလုံမှသာ ဘိန်းစိုက်ပျိုးမှုကို စွန့်လွှတ်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၊ မူးယစ်ဗဟို၊ UNODC နှင့် အလှူရှင်နိုင်ငံများမှ ကိုယ်စားလှယ်များပူး ပေါင်းပြုလုပ်သည့် အစားထိုးဖွံ့ဖြိုးရေးဆိုင်ရာ အစည်းအဝေးတွင် ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက အထက်ပါ အတိုင်း ပြော ကြားလိုက်သော်လည်း မည်သည့်အချိန်တွင် စတင်မည်၊ ငွေကြေးမည်မျှ ကုန်ကျမည် စသည့် အချက် လက်များကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။

မြန်မာနိုင်ငံတွင် ဘိန်းအများဆုံးစိုက်ပျိုးသည့် ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်ရေး အတွက် ဘိန်းခင်းဖျက်ဆီးမှုများကို နှစ်စဉ် ဆောင်ရွက်လျက်ရှိပြီး ဘိန်းခင်းဖျက်ဆီးခံရသည့် ဘိန်း စိုက် တောင်သူများ၏ စားနပ်ရိက္ခာဖူလုံရေးအတွက် ဖြည့်ဆည်းပေးရန် လိုအပ်လျက်ရှိသည်ဟု ဗိုလ်မှူး ချုပ် ကျော်ကျော်ထွန်းက ပြောသည်။

ဘိန်းစိုက်ပျိုးမှု များပြားလာခြင်းကြောင့် ဘိန်းစိုက်ခင်းများ ဖျက်စီးခံရသည့်အတွက် ဘိန်းစိုက်တောင်သူ များ၏ စားနပ်ရိက္ခာနှင့် အသက်မွေးဝမ်းကျောင်းမှု ဖူလုံရေး၊ ဆင်းရဲမွဲတေမှု လျှော့ချရေး၊ ကျန်းမာရေးနှင့် အစာအာဟာရချို့တဲ့မှု မရှိစေရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မြေယာသစ်ဖော်ထုတ်ရေးတို့ကို ရည် ရွယ်ပြီး UNODC နှင့် ပူးပေါင်းကာ ဟိုပုံး၊ လွိုင်လင်နှင့် ပင်လုံမြို့နယ်တို့တွင် အစားထိုးဖွံ့ဖြိုးရေးစီမံကိန်း သုံးခု ရေးဆွဲ အကောင်အထည်ဖော် ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့၊ အုပ်ချုပ်ရေးဌာနမှူး ရဲမှူးကြီးတင်အောင် က “ကျွန်တော်တို့ ရှမ်းပြည်နယ်တစ်ခုထဲမှာတင် ဘိန်းအစားထိုးလုပ်ရမယ့်နေရာ ၂၀ လောက်ရှိပေမယ့် ဘတ်ဂျက်က သုံးလေးနေရာစာလောက်ပဲ ရှိတယ်။ နောက်ထပ် တိုးချဲ့ဖို့ဆိုရင် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုတွေ အများကြီး လိုအပ်ပါတယ်။ ရေရှည်တည်တံ့မယ့် စီမံကိန်းတွေဖြစ်ဖို့ လိုတယ်။ ရေရှည် မတည်တံ့ဘူးဆိုရင် ဘိန်းကို ပြန်စိုက်ကြမှာပါ”ဟု ပြောသည်။

၂၀၁၃ ခုနှစ်၊ မတ်လတွင် သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် ကျင်းပသည့် မူးယစ်ဆေးဝါးအခမ်းအနား တွင် UNODC ဌာနချုပ်မှ အမှုဆောင်ညွှန်ကြားရေးမှူး Mr,Yuri Fedotov က မြန်မာနိုင်ငံတွင် ဘိန်းခင်း စိုက်ပျိုးမှု တိုက်ဖျက်ရေးအတွက် UNODC မှ ကန်ဒေါ်လာ ခုနစ်သန်း ကျခံသုံးစွဲ ဆောင်ရွက်ပေးနေသော် လည်း ဘိန်းစိုက်ပျိုးမှုဒေသအားလုံး မခြုံငုံမိဘဲ နိုင်ငံတကာအကူအညီများ လိုအပ်လျက်ရှိသည်ဟု ပြော ကြားထားသည်။

မြန်မာနိုင်ငံတွင်၂၀၁၂ ခုနှစ်တွင် ဘိန်းစိုက်ဟက်တာပေါင်း ၅၁,၀၀၀ အထွက် မတ်ထရစ်တန် ၆၉၀ တန် ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဘိန်းစိုက်ဟက်တာပေါင်း ၅၇,၈၀၀၊ အထွက်မတ်ထရစ်တန် ၈၇၀ တန်ရှိခဲ့သည် ဟု UNODC ၏ ထုတ်ပြန်ချက်အရ သိရသည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here