Thursday, October 17, 2013

မန္တလေးဆေးတက္ကသိုလ် ခန္ဓာဗေဒ ခွဲစိတ်မှု ခန္ဓာကိုယ် မလုံလောက်

0 comments
၁၇.၁၀.၂၀၁၃၊ ကြာသပတေးနေ့

မန္တလေးဆေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများ ဆေးပညာ သင်ကြားရေးအတွက် လိုအပ်သော ခန္ဓာဗေဒ ခွဲစိတ်ရန်အတွက် ခန္ဓာကိုယ် နှစ်စဉ်လုံလောက်ခြင်း မရှိ၍ ခန္ဓာကိုယ် လှူဒါန်းမည့် အလှူရှင်များ လိုအပ်နေကြောင်း အဆိုပါ ဆေးတက္ကသိုလ် ခန္ဓာဗေဒဌာနထံမှ စုံစမ်းသိရှိရသည်။
“ခန္ဓာကိုယ် လာရောက် လှူဒါန်းတဲ့ ကုသိုလ်ရှင်တွေ တစ်နှစ်ကို ၇၀၀ ဦးကနေ ၁၀၀၀ ဦး ဝန်းကျင် ရှိပေမယ့် ဆန္ဒပြုထားသူတိုင်းရဲ့ ခန္ဓာကိုယ်ကို အလွယ်တကူ မရနိုင်တာကြောင့် ဆေးပညာ သင်ကြားရေးအတွက် လိုအပ်တဲ့ ခန္ဓာကိုယ်က ပြည့်မီခြင်း မရှိတော့ ကျွန်တော်တို့မှာ အခက်အခဲ ကြုံရတာမျိုးတွေ ရှိနေတယ်” ဟု ယင်းဆေးတက္ကသိုလ် ခန္ဓာဗေဒဌာန ရုံးတာဝန်ခံ ဦးကျော်ကျော်ဦးက The Voice သို့ ပြောကြားသည်။

ယင်းဆေးတက္ကသိုလ်တွင် ဒုတိယနှစ် ကျောင်းသား ၇၀၀ ကျော်ရှိပြီး ဆေးပညာ သင်ကြားရန် ခန္ဓာကိုယ်ရုပ်လောင်း ၂၀ ရှိမှသာ လုံလောက်မည် ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

လှူရန် ဆန္ဒပြုထားသော အလှူရှင် ကွယ်လွန်၍ သွားရောက် ယူဆောင်သည့်အခါ သတ်မှတ်ထားသော ရောဂါတစ်မျိုးမျိုးနှင့် ကွယ်လွန်သွားပါကလည်း ခန္ဓာကိုယ်ယူ၍ မရသည်များ ရှိကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

ခန္ဓာကိုယ် လှူဒါန်းရန် ဆန္ဒပြုသူသည် ကွယ်လွန်သည့်အခါ ဝမ်းရောဂါ၊ ကျောက်ရောဂါ၊ ကင်ဆာရောဂါ၊ အသည်းရောင်၊ အသားဝါရောဂါ၊ ဘီပိုးစီပိုးရောဂါ၊ ကာလသားရောဂါတို့နှင့် သေဆုံးသူများ မဖြစ်ရန် အရေးကြီးပြီး ပုပ်သိုးသည့် ကိုယ်ခန္ဓာ၊ ဖောရောင်သည့် ကိုယ်ခန္ဓာ၊ ကျိုးပြတ် ပေါက်ကွဲသော ဒဏ်ရာများ ရရှိလျှင် ဆေးစိမ် ရန်ခက်ခဲသဖြင့် သင်ကြားရေးအတွက် အခက်အခဲ ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။
“အဲဒီလို ကိုယ့်ခန္ဓာ လှူလိုက်လို့ ဆေးပညာတစ်ခုခု အကျိုးရှိသွားမယ်ဆိုတော့ လှူချင်ပေမယ့် ကိုယ်က ဘယ်အချိန်မှာ ဘာရောဂါနဲ့ ဘယ်လိုသေရမှန်း မသိတော့ အသုံးမဝင်မှာတော့ စိုးတာပေါ့” ဟု ခန္ဓာကိုယ် လှူဒါန်းလိုသူ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။ 

ဆေးတက္ကသိုလ် (မန္တလေး) တွင် ခန္ဓာကိုယ် လာရောက် လှူဒါန်းလျက်ရှိရာ ၂၀၁၁ ခုနှစ်တွင် ဆန္ဒပြု လှူဒါန်းသူ ၅၉၅ ဦးအနက် ရုပ်အလောင်း အသုံးပြုခွင့်ရသူ ၁၅ ဦး၊ ၂၀၁၂ ခုနှစ်တွင် ဆန္ဒပြု လှူဒါန်းသူ ၅၇၆ ဦးအနက် ရုပ်အလောင်း အသုံးပြုခွင့်ရသူ ရှစ်ဦးနှင့် ၂၀၁၃ ခုနှစ် အောက်တိုဘာလအထိ ဆန္ဒပြုလှူဒါန်းသူ ၅၂၈ ဦးအနက် ရုပ်အလောင်း အသုံးပြုခွင့်ရသူ ၁၅ ဦးတို့ ဖြစ်ကြောင်း ယင်းတက္ကသိုလ် မှတ်တမ်းများအရ သိရှိရသည်။

အဆိုပါ မန္တလေးဆေးတက္ကသိုလ် ခန္ဓာဗေဒဌာနသို့ ခန္ဓာကိုယ် လှူဒါန်းလိုပါက ဖုန်း ၀၂- ၃၉၀၅၁၊ ၀၉ - ၂၀၀၆၆၃၈ တို့ထံ ဆက်သွယ်နိုင်ကြောင်း ယင်းတက္ကသိုလ်ထံမှ သိရသည်။ 

(သန်းဖေသား)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here