Thursday, June 26, 2014

သျှမ်းပြည်တောင်ပိုင်းတွင် အဓမ္မစစ်သားစုဆောင်းမှု စုံစမ်းစစ်ဆေးမည်ဟု ဒုဗိုလ်ချုပ်ကြီးယွက်စစ်ပြော

0 comments
26.6.2014

RCSS/SSA မှ အဓမ္မစစ်သားစုဆောင်းမှုကြောင့် သျှမ်းပြည်တောင်ပိုင်းဒေသခံ သျှမ်းလူငယ်များ နေရပ် မှ စွန့်ခွါနေရသည် ဆိုသည့်ကိစ္စ ဆိုင်ရာတာဝန်ရှိများအား ခေါ်ယူစစ်ဆေးပြီး ဟုတ်မှန်ပါက တည်ဆဲ စစ်စည်းမျဉ်းအရ ပြစ်ဒဏ်ပေး မည်ဟု ခေါင်းဆောင်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် ကပြောပါသည်။

“အသက် ၁၈ နှစ်ပြည့် သျှမ်းပြည်သားတိုင်း စစ်ပညာ တတ်မြောက်ရမည်ဆိုတဲ့ ပေါ်လစီတော့ရှိတယ်။ လိုအပ်ရင် အသုံးပြုဖို့ လပိုင်းစစ်သင်တန်းပေးတာတွေရှိတယ်။ စစ်သင်တန်းပြီးရင် အိမ်ပြန်နေပြီး မိဘ အလုပ်ပြန်ကူ လုပ်ဖို့ ပြန်လွှတ်ပေးတယ်။ စစ်ထဲမှာဘဲဆက်နေချင်ရင်လည်း ရတယ်။ ဒါလည်း တွေ့ဆုံ စည်းရုံးပြီးမှ ခေါ်လာတာ။ အဓမ္မ ခေါ်ယူတာမရှိဘူး။ နားလည်မှုလွဲ တာလဲဖြစ်နိုင်တယ်။ ဒီကိစ္စသေချာ စုံစမ်းရမယ်။ တကယ် ကျူးလွန် ခဲ့ရင် အဲဒီလူအပြစ်ရှိတယ်။ ခေါ်ယူစစ်ဆေးပြီး ပြစ်ဒဏ်ပေးရ ပါလိမ့် မယ်” – ဟု RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်က သျှမ်းသံတော်ဆင့်အား ပြောပြသည်။

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့နယ်ခွဲအတွင်း၊ လင်းခေးမြို့နယ် အတွင်းက ကျေးရွာ အချို့၊ တောင်ကြီးခရိုင် ရပ်စောက်မြို့ နယ် အင်တောမြို့နယ်ခွဲ အတွင်း ကျေးရွာ အချို့တို့တွင် သျှမ်းပြည်တပ်မတော် RCSS/SSA မှ ရဲဘော်သစ်၊ တပ်သားသစ်စုဆောင်းမှုကြောင့် လူငယ် များနေရပ်မှ တိမ်းရှောင်နေ ရကြောင်း-  ဒေသခံများကပြောသည်။

“ကျနော့်သားက ၈ တန်းပဲ ရှိတယ်။ ရဲဘော်သစ်စာရင်းထဲ ပါတယ်။ ပို့ပေးရမယ် ပြောလို့၊ ခွင့်ပန်ပြီးတော့ မြို့ကျောင်းပြောင်း လိုက်ရတယ်။ တချို့လဲ လူငှားတယ် အခကြေးငွေပေးပြီးတော့ပေါ့။ ငှားခတယောက် ကျပ်သိန်း ၂၀ အနည်းဆုံးပဲ။ ကျနော်တို့ကျေးလက်ရွာသားတွေ အေးအေးချမ်းချမ်း နေထိုင်နိုင်အောင် သျှမ်းပြည်တပ်မတော်က အထက်အရာရှိတွေ ကနေ ကြည့်ရှုစစ်ဆေးပေးဖို့ စီစစ်ဆောင်ရွက်ပေးဖို့ အနူးအညွတ်တောင်းဆိုပါတယ် ” - ဟု ကျိုင်းတောင်းဒေသခံ ကလေးမိဘ တဦးက ဆိုသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးသည့် နောက် ပိုင်း စစ်မှုမထမ်း မနေရပေါ်လစီမရှိတော့ကြောင်း၊ သို့သော် အသက် ၁၈ နှစ်သူအားလုံးတော့ စစ်ပညာတတ်မြောက် ထားသင့်ကြောင်း၊ ကုန်သည်ကြီးများ စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ ကုန်တင်ယာဉ်ကြီးများမှလွဲ၍ သာမာန် လုပ်ကိုင်စားသောက်သော သူများထံမှ အခွန် အခ ကောက်ခံခြင်းများ လည်းပြုလုပ်မည်မဟုတ်ကြောင်း ထုတ်ပြန်ကြေငြာထားပါသည်။

#Panglong(Burmese)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here