Saturday, August 18, 2012
ဆေးလိပ်စွဲရောဂါ ကုထုံးသစ်
0 comments
ညနေခင်းဖြစ်၍ ရွှေဘုံသာလမ်း တစ်လျှောက် လူစည်ကားနေ၏။    အနော်ရထာ လမ်းနှင့် ရွှေဘုံသာ လမ်းထောင့်ရှိ မီးပွိုင့်နှင့် များစွာမဝေး ကွာလှသော အရပ်တွင် လေညိုကုန်း လက်ဖက်ရည် ဆိုင်ကလေးတည်ရှိ၏။ ထိုဆိုင်ကလေးသည် သာမန်လမ်းဘေးလက်ဖက်ရည်ဆိုင်ကလေးသာဖြစ်၏။ ဗိုလ်ချုပ်ဈေးကြီးနှင့်ဆုံရာ အရပ်မှ ရန်ကုန်မြစ်ရောက်သည်အထိ ရှည်လျား လှသော ရွှေဘုံသာလမ်း တစ်လျှောက် အလားတူလမ်းဘေးလက်ဖက်ရည်ဆိုင် များများစွာ ရှိပါသော်လည်း လေညိုကုန်းကဲ့သို့ နာမည်မကြီးပေ။
    လေညိုကုန်းနာမည်ကြီးရခြင်းမှာ ဘဝသရုပ်ဖော်ဝတ္ထုတိုများရေးဖွဲ့ရာ၌ ပြောင်မြောက်လှသော စာရေး ဆရာ မောင်ညိုပြာကြောင့်ဖြစ်၏။ ၄င်း ရေးသားသော ကြယ်များလွန်လျှင် ဝတ္ထုတိုမှာ စာပေလောကတွင် လွန်စွာ ကျော်ကြား လှ၏။
    စေတနာကောင်းလှသော မောင်ညိုပြာသည် လေညိုကုန်းသို့ရောက်လာသမျှသော စာပေလောကသားများအား လက်ဖက်ရည် ဒါနပြုလေ့ရှိ၏။ မောင်ညိုပြာ၏ ဒါနပါရမီအထ မြောက်စေရန် အလှူခံပုဂ္ဂိုလ်များကလည်း နေ့ညမစဲ တသဲသဲနှင့်ဝင် ထွက်သွား လာကြ၏။
    နယ်မှ ခေတ္တရောက်ရှိလာသော စာပေဝါသနာရှင်တစ်ဦးသည် လေညို ကုန်းကို လိုက်လံရှာဖွေရာ ဆိုင်းဘုတ် မရှိသဖြင့် ထိုဆိုင် ကလေးအား ရှာ မတွေ့ဘဲ မျက်စိလည်သွားရှာ၏။ ထူးခြားလှသော လေညိုကုန်းဖြစ်၏။
    ယနေ့တွင် ဘာသာပြန်ဆရာ မောင်သိန်းငှက်(ကယားပြည်)၊ ကဗျာ ဆရာကျော်ခေါင်၊ ကဗျာဆရာမောင် တိုင်ပြာ၊ ဝတ္ထုတို ဆရာ မောင်ဒိဗ္ဗ၊ ဂမ္ဘီရစာရေးဆရာ ရာဟုမောင်မောင် စသော စာပေလောကသားများရောက် ရှိနေ၏။
    ထိုပုဂ္ဂိုလ်များက လက်ဖက်ရည် အပြင် စားလိုသော စားသောက်ဖွယ် ရာမျိုးစုံကို မှာယူကြ၍ စားပွဲထိုးကလေး မောင်ကြွက်နီ ခမျာ အပြေးအလွှား ဆောင်ရွက်ပေးနေရ၏။ ရွှေဘုံ သာလမ်းတစ်လျှောက် အစားအစာ မျိုးစုံရောင်းချသော ဆိုင်မျိုးစုံရှိနေရာ ထိုလောကသားများအဖို့ စိတ်ကြိုက် ဖြစ်နေတော့၏။
    ထိုစဉ်ကဗျာဆရာမောင်ဒေါန ရောက်ရှိလာ၏။
    ''ဟာ-ဆရာတို့။ အေးအေး ဆေးဆေးပဲကို။ သတင်းထူး မသိ ချင်ဘူးထင်တယ်''
    ''ဟာ-ကိုဒေါန။ ပြူးပြူးပြဲပြဲနဲ့ ဘာများလဲဗျ။ ပြောစမ်းပါဦး''
    ''ကဗျာဆရာ စိန်နပန်ကြွက် သိုးဆုံးရှာပြီ''
    ''ဟေ-ဟုတ်လား။ ဘယ်မှာ လဲ။ ဘာရောဂါလဲ''
    ''ရန်ကုန်ဆေးရုံကြီးမှာ၊ အ ဆုတ်ကင်ဆာနဲ့တဲ့''
    ကဗျာဆရာ မောင်ဒေါန သယ် ဆောင်လာသော သတင်းကြောင့် တစ် ဝိုင်းလုံးထိပ်ထိပ်ပျာပျာဖြစ်ကုန်ကြ၏။ စိန်နပန် ကြွက်သိုးက လွန်စွာဆေးလိပ် သောက်၏။ ဒေါက်တာခင်ပန် ဆောင်းက မသောက်ရန်တားမြစ် သော်လည်း နားမထောင်။ ယခု အဆုတ်ကင်ဆာဖြင့် ကွယ်လွန်ရှာပြီ ဖြစ်၏။
    ထိုစဉ် ဒေါက်တာခင်ပန်ဆောင်း ရောက်ရှိလာ၏။
    ''ကဲ-အားလုံးပဲနားထောင်ပါ။ ကိုကြွက်သိုး သွားရှာပြီ။ တရားခံက ဆေးလိပ်ပဲ။ ကဲ-ဆေးလိပ်သောက် ချင်ကြသေးလား''
    ''မသောက်ချင်တော့ပါဘူး၊ ဒေါက်တာရယ်။ ကြို<ွကက်သိုး သတင်းကြားရလို့ လန့်လည်းအတော် လန့်သွားပါပြီ။ ခက် တာက ဖြတ်မရ ဘူး ဖြစ်နေတယ်''
    ''ဖြတ်ချင်ရင် လွယ်ပါတယ်။ ကျွန်မ ကူညီနိုင်ပါတယ်''
    ''ဒါဆို လုပ်ပါဦး၊ ကယ်ပါဦး ဒေါက်တာရယ်''
    ''ကယ်မယ်၊ ကယ်မယ်။ မပူ နဲ့။ ဆေးလိပ်ကြောင့်မသေစေရဘူး''
    ''ဒါနဲ့ ဆရာဒေါက်တာ ရန်မျိုး အောင်ပြောတာ ကြားဖူးတယ်။ သုတေသီတွေက ကာကွယ်ဆေးနဲ့ ဆေးလိပ်ဖြတ်ဖို့ ကြံစည်နေကြတယ် ဆိုပဲ။ အဲဒါ ဗဟုသုတအနေနဲ့ ရှင်းပြ ပါလားဒေါက်တာ။ ဆရာဒေါက်တာ ရန်မျိုးအောင်က ခရီးထွက်သွားလို့ ပါ''
    ''ရပါတယ်။ ဒီသတင်းက Science Translational Medicine  ဆိုတဲ့ ဆေးပညာဂျာနယ်ကပါ။ ဒီလို ပါ။ သုတေသီတွေက ကြွက်မှာ စမ်းသပ်နေကြတယ်။ တစ်ချိန်ကျရင် တော့ လူမှာစမ်းမှာပေါ့။ သူတို့က ကာ ကွယ်ဆေးတစ်မျိုး ကြံစည်နေ တာ။ အဲဒီ ကာကွယ်ဆေးထိုးထားရင် Nicotine ကို ဆန့်ကျင်မယ့် ပဋိ ပစ္စည်းတွေ ပေါ်လာလိမ့်မယ်။ ဆေး လိပ်သောက်လိုက်ရင် Nicotine ရပေမယ့် ပဋိပစ္စည်းက ဖျက်လိုက်တော့ သာယာတဲ့ ခံစားမှုမရတော့ဘူးတဲ့''
    ''ဟုတ်ကဲ့ ဒေါက်တာ''
    ''ကြွက်မှာ ဒီကာကွယ်ဆေးကို  စမ်းကြည့်တော့ ဆေးလိပ်ကြောင့် ဝင်လာတဲ့ ဓာတ်ကို ဦးနှောက်မှာ တိုင်းကြည့်တော့ ၈၅ ရာခိုင်နှုန်း ကျဆင်းသွားတာ တွေ့ရတယ်တဲ့''
    ''ဟုတ်ကဲ့ ဒေါက်တာ''
    ''လူမှာစမ်းဖို့က စောင့်ရလိမ့်ဦး မယ်။ ဒါပေမယ့် သုတေသီ Professor Ronald Crystal  ကတော့ အကျိုးရှိမယ့် သုတေသနလို့ ယုံကြည်ထားတယ်။ ပါရဂူတွေရဲ့ အယူအဆ က နာတာရှည်နစ်ကိုတင်း စွဲလမ်းနေ တဲ့ ရောဂါကို ကုဖို့ဆိုရင် Pacman-Like Antibodies  လို့ခေါ်တဲ့ ပဋိ ပစ္စည်းတွေလိုလိမ့်မယ်တဲ့။ ဒါ ကိုယ် ထဲကို နစ်ကိုတင်းဝင်လာတာနဲ့ ပဋိ ပစ္စည်းကစောင့်ပြီး ဖျက်ဆီး ပစ်မှာ။ အဲဒီလို ကြိုပြီးဖျက်ဆီးထားရင် နစ်ကို တင်းက မကောင်းကျိုးတွေ မပေးနိုင် တော့ဘူးတဲ့''
    ''ဟုတ်ကဲ့ ဒေါက်တာ''
    Smoking Vaccine  လို့ တင် စားတဲ့ ကာကွယ်ဆေးက ကူးစက် ရောဂါတွေကို ကြိုတင်ကာကွယ်တဲ့ ကာကွယ်ဆေးလိုပါပဲတဲ့''
    ''သဘောက ကျောက်ကြီးရော ဂါ ကာကွယ်ဆေးလိုပေါ့နော်''
    ''ဟုတ်တယ်၊ ဟုတ်တယ်။ လုံ လောက်တဲ့ ပဋိပစ္စည်းထွက်စေပြီး နစ်ကိုတင်းကို ဖျက်ပစ်ဖို့ပါပဲ''
    ''တခြားပါရဂူတွေကရော ဒါမျိုးလုပ်ကြသေးလား ဒေါက်တာ''
    Well Cornell Medical College  က သုတေသီတွေက နောက် ထပ် နည်းတစ်မျိုး သုတေသနလုပ် ကြတယ်။ သူတို့နည်းက Gene-Therapy Vaccing  သုံးတဲ့နည်းပဲ။ သူတို့က မျိုးရိုးဗီဇအင်ဂျင်နီယာနည်း နဲ့ ပြုပြင်ထားတဲ့ ဗိုင်းရပ်စ်ပိုးကို အသည်းထဲထည့်လိုက်တယ်။ ဗိုင်း ရပ်စ်ပိုးထဲမှာ  အသည်းအတွက် ညွှန် ကြားချက်တွေပါလာတယ်။ အသည်း ကို ညွှန်ကြားလိုက်တဲ့အခါ အသည်း က ပဋိပစ္စည်းတွေထုတ်တယ်။ ဒီနည်းနဲ့ ပဋိပစ္စည်းရလာတယ်။ ဒါကလည်း လုပ်နည်းလုပ်ဟန် နောက်တစ်မျိုးဆိုပါတော့''
    ''ဒါဆို ဆေးလိပ်သောက်လည်း အရသာမရှိတော့ဘူး။ လူတွေ ဆေး လိပ်ပြတ်ကုန်မှာပေါ့နော်''
    ''မှန်တယ်။ Professor Crystal ကလဲ အဲဒီအတိုင်းပြောသွား တယ်။ ခုကမ္ဘာမှာ ဆေးလိပ်သောက် တဲ့လူတွေ သန်းချီပြီးရှိနေ တယ်။ ဒီသုတေသနတွေအောင်မြင်ရင် အဲဒီ လူတွေ ဆေးလိပ်ပြတ်အောင် ကူညီ နိုင်လိမ့်မယ်။ ခုဖြတ်ပေးတဲ့ နည်းတွေက သုံးတော့ သုံးနေတာပဲ။ ဒါပေမယ့် အမြဲမအောင်မြင်ဘူး။ တချို့က သိပ်ကိုစွဲလမ်းလွန်းတော့ ဘာနဲ့ဖြတ်ဖြတ် ဖြတ်မရ ဘူး ဖြစ်နေ တယ်''
    ''ခေါင်းမာတဲ့ အုပ်စုပေါ့ ဒေါက်တာ''
    ''ဒီလိုခေါင်းမာတဲ့အုပ်စု အတွက် နည်းသစ်က အကျိုးပြုပါ လိမ့်မယ်''
    ''ဗိုင်းရပ်စ်သုံးတဲ့နည်းက စိတ်ချ ရပါ့မလားဒေါက်တာ''
    ''ဒါကို ပါရဂူတွေကလည်း လေ့လာနေပါတယ်။ စိတ်ချရမှ သုံးမှာ ပါ''
    ''သုတေသနထဲမှာ မပါတဲ့ ပါရဂူတွေရှိဦးမှာပဲ။ သူတို့က ဘာတွေဝေဖန်ကြလဲ ဒေါက်တာ''
    University of Kent  က မျိုးရိုး ဗီဇဆိုင်ရာ ဘာသာရပ် ပါမောက္ခဖြစ် တဲ့ Darren Griffin  က ပြောတယ်။ ခု သုတေသန ရလာဒ်တွေဟာ အားရ စရာကောင်းပါတယ်တဲ့။ အလား အလာလည်းရှိပါတယ်တဲ့။ အန္တရာယ် ကင်းဖို့အတွက်လည်း ထည့်ပြီးစဉ်း စားရပါဦးမယ်တဲ့''
    ဒါဆို နောက်ထပ် သုတေသန တွေ လိုဦးမှာပေါ့''
    ''လိုမှာပေါ့၊ ထပ်လုပ်ရဦးမှာပဲ။ ခု ရလာဒ်ကြ<ွကက်မှာတွေ့တာ။ လူမှာက မစရသေးဘူး။ စိတ်ပညာ သဘော အရရော၊ ဆေးဝါးဗေဒ သဘောအရရော လူမှာ ဆေးလိပ် ပြတ်၊ မပြတ် ထပ်စမ်းရဦးမှာ''
    ''ဟုတ်ကဲ့ ဒေါက်တာ''
    University College London  က Dr. Simon Wadding Ton  ပြောတယ်။ ခုခေတ်မှာ မျိုးရိုးဗီဇ ကုထုံးနဲ့ ပတ်သက်လို့ သိပ်ကို တိုး တက်နေပါတယ်တဲ့။ နည်းပညာ မြင့်မားလာပါတယ်တဲ့။ ဆေးလိပ်ပြတ် စေဖို့ အလား အလာကောင်းတွေတွေ့နေ ရပါတယ်တဲ့။ အောင်မြင်ဖို့ နီးစပ်လာပါပြီတဲ့။ ဆေးလိပ်ဟာ သိပ်ကိုဆိုးပါတယ်တဲ့။ တစ်နိုင်ငံလုံး ရဲ့ ကျန်းမာရေးကို ထိခိုက်စေပါ တယ်တဲ့။ ဆေးလိပ်ကြောင့်  ကုသရ တဲ့ ဆေးကုသစရိတ်ကလည်း သိပ် ကို ကြီးမားပါတယ်တဲ့။ ဒါကြောင့် ခုလိုသုတေသနမျိုး သိပ်ကိုလိုအပ်နေ ပါတယ်တဲ့။ အဲသလိုပြောသွား တယ်''
    ''ဟုတ်ကဲ့ ဒေါက်တာ''
    ''ကာကွယ်ဆေးရလာရင် ထိုးကြမလား''
    ''ထိုးပါမယ် ဒေါက်တာ''
    အားလုံးက တစ်ညီတစ်ညွတ် တည်း ဖြေလိုက်ကြ၍ ဒေါက်တာ ခင်ပန်ဆောင်း ကျေနပ်သွား၏။
    ''ဒီလိုမှပေါ့။ ကိုကြွက်သိုးလို မဖြစ်ချင်ရင် ဆေးလိပ်ဖြတ်ပါ''
    ''ဖြတ်မယ် ဒေါက်တာ၊ ဖြတ်မယ်''
    ထိုစဉ် ဒေါက်တာကျော်ဆွေ သိန်း ရောက်ရှိလာ၏။
    ''ဘာတွေဖြတ်နေတာလဲ ရှင်း စမ်းပါဦးဗျာ''
    အကျိုးအကြောင်း စုံလင်စွာသိရ သောအခါ ဒေါက်တာကျော်ဆွေသိန်း က အံ့သြသွား၏။
    ''တိုက်တိုက်ဆိုင်ဆိုင်ဗျာ။ ကျွန်တော်ဖြတ်မယ့်နေ့ကျမှ ခင်ဗျား တို့ကလဲ ဖြတ်သကိုး။ ကျွန်တော် က စီးကရက်နဲ့ မီးခြစ်ကို အပြီး လှူမလို့လာတာဗျ''
    ''ဟာ-ဆရာကျော်။ ခင်ဗျားက အရင်တုန်းက တစ်နေ့ကို ဆယ်ဘူး ကုန်အောင်သောက်တဲ့လူပဲ။ ခုမှ ဘာလို့ပြတ်သွားတာလဲ''
    ''ဟဲ ဟဲ၊ ကျွန်တော်သိတယ်။ ကျွန်တော်ဖော်ကောင်လုပ်မယ်''
    ''ဟာ-ဦးဥာဏ်အုန်း ခင်ဗျား ရော ဖြတ်မှာလား''
    ''ကျွန်တော်က အစကတည်း ကမှမသောက်တာ။ ဖြတ်မယ့်အုပ်စု ထဲ မပါပါဘူး။ ကျွန်တော်တို့ ညောင် ရမ်းဆေးတိုက်မှာ သူနာပြု ဆရာမ လေး နွဲ့ယမင်းဆိုတာရှိတယ်''
    ''သိပြီ။ ဖြူဖြူချောချော ဆရာမ လေး။ မိုးပြည့်ပြည့်မောင်နဲ့ ခပ်ဆင် ဆင် မဟုတ်လား''
    ''ဟုတ်တယ်၊ ဆရာမလေးက ခုမှ အလုပ်စဝင်တာ။ သူက ဆေး လိပ်သိပ်မုန်းတယ်။ သူ့အဖေက ဆေးလိပ်သိပ်သောက်တယ်။ ခု အဆုတ်ကင်ဆာနဲ့ ဆုံးသွားရှာပြီ။ သူကဆေးလိပ်မသောက်တဲ့ယောက်ျားမှ စဉ်းစားမယ်ဆိုလို့ ဆရာကျော် အရေးပေါ်ဆေးလိပ်ဖြတ် တာ ရှင်းပြီလား''
    ''သြော်-ဆရာကျော်က ပဋိ ပစ္စည်းမလိုဘဲကိုး။ ဟဲ ဟဲ''
    ''ပဋိပစ္စည်းထက် စွမ်းတာရှိနေ မှ ဘယ်လိုပါတော့မလဲ''
    ''ဟဲ ဟဲ၊ ဒါပေါ့ဗျာ။ ချစ်မိမှ တော့ ဖြတ်ရတော့မှာပေါ့ဗျာ''
    ''ဘယ်လိုကြောင့်ပဲ ဖြတ်ဖြတ် ကျန်းမာရေးကောင်းလာမှာ သေချာ တယ်။ ကဲ-ဒေါက်တာရေ ဆေးလိပ် ဖြတ်တဲ့လူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒေါ်ရိပ်ကြီးလက်ဖက်သုပ် ကျွေးမယ် ဗျာ။ စားကြမလား''
    ''စားမယ်၊ စားမယ်''
အောင်(ဆေး-၁)
Leave a Reply
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings
You can add link or short description here