Monday, September 10, 2012

မီဒီယာ ဥပဒေ အသစ်ပြန်လည် ရေးဆွဲမည်

0 comments
ရန်ကုန်၊ စက်တင်ဘာ ၉

သတင်းမီဒီယာများ ပါဝင်ခြင်း မရှိဘဲ ပြန်ကြားရေး ဝန်ကြီးဌာနမှ ရေးဆွဲ ခဲ့သော မီဒီယာ ဥပဒေကို မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)က အသစ် ပြန်လည် ရေးဆွဲမည် ဖြစ်ကြောင်း မကြာသေးခင်က ခန့်အပ်ခြင်း ခံရသော ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်နှင့် မြန်မာ ဂျာနယ်လစ် ကွန်ရက်(MJN) ကိုယ်စားလှယ်တို့ တွေ့ဆုံမှု အစီရင်ခံစာမှ သိရသည်။

ယင်းကောင်စီ၏ လတ်တလော တာဝန်များမှာ စာနယ်ဇင်း လောကသားများ လိုက်နာမည့် Code of Conducts ရေးဆွဲရန်၊ မီဒီယာ ဥပဒေ ရေးဆွဲမည့် အခြေခံ မူဘောင် frame work (ပြန်ကြားရေး ဝန်ကြီးဌာနမှ ချပေး လာမည် ) ကို ပုံနှိပ် မီဒီယာ ဥပဒေ 'သုည' မူကြမ်း ရေးဆွဲရန် ဖြစ်သည်ဟု ဝန်ကြီးက ပြောကြားသည်။

“စာနယ်ဇင်း ကောင်စီ(ယာယီ) အတွင်းရေးမှူး၊ ဥက္ကဌတွေကို ကောင်စီဝင်တွေကပဲ ရွေးချယ်ရမှာ ဖြစ်ပါတယ်” ဟု ၄င်းက ဆိုသည်။

ယင်း `သုည´ မူကြမ်းကို ပြန်ကြားရေး ဝန်ကြီးဌာနသို့ ပေးအပ်မည် ဖြစ်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနက ဥပဒေ ပထမ မူကြမ်းကို ရေးဆွဲပြီးနောက် ဥပဒေနှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲကို မီဒီယာ နယ်ပယ်မှ သူများ၊ ပညာရှင်များဖြင့် ကျယ်ပြန့်စွာ လုပ်ဆောင်မည် ဖြစ်ကြောင်း၊ ယင်း ပထမ မူကြမ်းကို ပြင်ဆင်သင့်သည်များအား ပြင်ဆင် ဖြည့်စွက်ပြီးနောက် ဒုတိယ မူကြမ်းသို့ ရောက်ရှိမှ သမ္မတထံ တင်မည်ဖြစ်ကြောင်း၊ ယင်းအဆင့်တွင် မီဒီယာ ဥပဒေ မရေးဆွဲမီနှင့် ပထမ မူကြမ်း အဆင့်တွင် စာနယ်ဇင်း ကောင်စီနှင့် အတူ မီဒီယာ လောကသားများ ဝင်ရောက် ဆွေးနွေး အကြံပေး နိုင်သည့် အခြေအနေမျိုးဟု ယူဆရကြောင်း ယင်းအစီရင်ခံစာတွင် ပါသည်။

နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်ချက်ဖြင့် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိခဲ့သော အမြုတေ စာနယ်ဇင်း ကောင်စီကို ဖျက်သိမ်းပြီး စာနယ်ဇင်း ကောင်စီ(ယာယီ)ကို ဖွဲ့စည်းပုံ အခြေခံ အသစ်ဖြင့် ပြန်လည် ဖွဲ့စည်းခြင်း ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ပြည်တွင်း သတင်း သမားများဖြင့် စုစည်း ဖွဲ့စည်းထားသောမြန်မာဂျာနယ်လစ် ကွန်ရက်(MJN)တို့သည် အသစ် ပြန်လည် ဖွဲ့စည်းမည့် စာနယ်ဇင်း ကောင်စီ(ယာယီ)အား ပူးပေါင်း ဆောင်ရွက်ရန် ယနေ့ ဆွေးနွေးခဲ့ကြောင်း MJN အထွေထွေ အတွင်းရေးမှူး ဦးမြင့်ကျော်၏ ကွန်ရက်ဝင်များသို့ အစီရင်ခံစာတွင် ဖော်ပြထားသည်။

စာနယ်ဇင်း ကောင်စီ (ယာယီ) တွင် ဦးခင်မောင်အေး၊ ဒေါက်တာအောင်ထွန်းသက်၊ ဒေါက်တာခင်အေး၊ ဒေါက်တာတင်လှိုင်၊ ဦးမော်သန်း၊ ဒေါက်တာမျိုးသန့်တင်၊ ဒေါက်တာ ကျော်ဇောနိုင်၊ ဦးကိုကိုကြီး၊ ဦးတင်လှိုင်၊ ဒေါ်ချိုချိုတင်၊ ဦးခင်မောင်လေး(ဖိုးသောကြာ) ဦးစိုးသိမ်း၊ ဦးကိုကို (စက်မှု)၊ ဦးအောင်လှထွန်း၊ ဦးသီဟစော၊ ဦးဇော်သက်ထွေး၊ ဒေါ်အေးအေးဝင်း၊ ဦးချစ်ဝင်းမောင်၊ ဦးမြင့်ကျော်၊ ဒေါ်တင်ဇာဇော်၊ ဒေါက်တာ တင်ထွန်းဦး၊ ဒေါက်တာ သာထွန်းဦး၊ ဒေါက်တာ သိန်းမြင့်၊ ဦးသောင်းစုငြိမ်း၊ ဒေါ်နန်းကလျာဝင်း၊ ဦးကိုကိုကြီး (ဟန်ဂေရီ )၊ ဒေါက်တာဖေမြင့် (ပြည်သူ့ခေတ်)၊ ဦးကျော်မင်းဆွေ၊ ဦးရဲမင်းဦး၊ ဦးခင်မောင်ဋ္ဌေး (Family Entertainment) စသဖြင့် လူပုဂ္ဂိုလ် ၃၀ လျာထားကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနက ထုတ်ပြန် ထားသည်။
  ref: The Voice

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here