Saturday, January 5, 2013

ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းမှ တာချီလိတ်မြို့တွင် ယာဉ်/လမ်း စည်းကမ်းများ သိရှိလိုက်နာစေရန်အတွက် စီမံချက်များချမှတ်သွား

0 comments

ဇန်န၀ါရီ(၅)

၂၀၁၃ခုနှစ် ဇန်န၀ါရီလ(၅)ရက်နေ့ နံနက်(၉)နာရီက တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြပါတယ်။

{ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်း}

အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်း နှင့် တာချီလိတ်ခရိုင်အဆင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအပါအ၀င် လူမှုအဖွဲ့အစည်းများ၊ အငှားမော်တော်ဆိုင်ကယ်ပြေးဆွဲသူများ စုစုပေါင်း ဦးရေ(၃၅၀)ခန့် တက်ရောက်လာခဲ့ကြတာကို တွေ့ရပါတယ်။


အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းမှ အဖွင့်အမှာစကားကို ပြောကြားရာမှာ ၎င်းအနေဖြင့် တာချီလိတ်မြို့သို့ ရောက်ရှိစဉ် တစ်မြို့လုံး လျှောက်ပတ်ကြည့်ရာမှာ မြို့တွင်း၌ မီးပွိုင့်များထားရှိခြင်းမရှိသည်ကို တွေ့မြင်ရပြီး ယာဉ်/လမ်းစည်းကမ်းအတွက် လမ်းတစ်လျှောက်တွင် လိုအပ်သည်များကို ဖြည့်စွတ်ရန်အတွက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။


ဆက်လက်ပြီး တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး  ဒု-ရဲမှူးကြီး နေမျိုးထွဋ် မှ ယာဉ်/လမ်း စည်းကမ်း အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်ထိန်းတာဝန်ခံအရာရှိ ရဲအုပ် စံသိန်း နှင့် အဖွဲ့ဝင်တို့မှ ယာဉ်/လမ်းစည်းကမ်းနှင့်ပတ်သက်၍ သိကောင်းစရာများ၊ ယာဉ်လမ်းနှင့် ပတ်သက်၍ မည်သို့မောင်းနင်သွားလာသင့်ကြောင်းကို ပုံများဖြင့်ပြသခြင်းအပြင် မှတ်သား လိုက်နာစရာများကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြသခဲ့ကြပါတယ်။


ယာဉ်ထိန်းတာဝန်ခံအရာရှိ ရဲအုပ် စံသိန်းမှ ယာဉ်/လမ်းစည်းကမ်းနှင့် ပတ်သက်၍ မီးပွိုင့်များ တပ်ဆင်ရန်အတွက် ထိုင်းနိုင်ငံမှ မီးပွိုင့်များရောင်းချတပ်ဆင်ပေးသော ကုမ္ပဏီတစ်ခုအား ဆက်သွယ်ကာ ဈေးနှုန်းစုံစမ်းကြည့်ရာမှာ တပ်ဆင်ခအပါအ၀င် ကျပ်ငွေဖြင့်တွက်သော် သိန်း(၂၅၀)ခန့်ရှိပြီး ပြည်တွင်းဖြစ် မီးပွိုင့်ဖြစ်သော ရိုးမမြန်မာမှ မီးပွိုင့်မှာ ကျပ်သိန်း(၇၀)ကျော်ရှိကြောင်း နှင့် တာချီလိတ်တွင် မီးပွိုင့်များတပ်ဆင်မည်ဆိုပါက (၇)ခုခန့်တပ်ဆင်ရမှာဖြစ်ကြောင်း၊ တင်ဆင်ပြီးသွားသော မီးပွိုင့်များထားရှိသည့်နေရာများတွင် ယာဉ်ထိန်းနားနေခန်း သို့မဟုတ် မီးပွိုင့်ထိန်းစက်ခန်းများ ထားရှိရာမှာလည်း တစ်ခန်းကို ကျပ်ငွေ(၁၅)သိန်းခန့် ကုန်ကျမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။


ယာဉ်/လမ်းစည်းကမ်းနှင့်ပတ်သက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်တိုက်မှုဓါတ်ပုံများ လမ်းကြော အမှား အမှန် သင်္ကေတပြပုံများဖြင့် အသေးစိပ်ရှင်းလင်းပြသပြောကြားခဲ့ကြပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းမှ နိဂုံးချုပ်အမှာစကားပြောကြားရာမှာ တာချီလိတ်မြို့တွင် ယာဉ်/လမ်းစည်းကမ်း ပညာပေးစီမံချက်များပြုလုပ်သွားမှာဖြစ်ပြီး စီမံချက်ပြီးသွားပါက လမ်းတစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှုများ ယာဉ်များစည်းကမ်းမဲ့ရပ်နားနေမှုများကို လျော့ပါးသွားစေရန်အတွက် လမ်းဘေးတွင် ကားများ ရပ်နားလျှင် ယာဉ်ရပ်နားခကို အချိန်ဖြင့်တွက်၍ ကောက်ခံခြင်းများပြုလုပ်သွားမှာဖြစ်ပြီး ထိုကဲ့သို့ ပြုလုပ်ခြင်းဖြင့် ယာဉ်ပိုင်ရှင်များမှာ ယာဉ်ရပ်နားမည်ဆိုပါက ယာဉ်ရပ်နားခကို အချိန်ဖြင့်တွက်ချက်ပြီး ပေးရတော့မည်ဖြစ်တာကြောင့် ယာဉ်များကို အကြောင်းမဲ့ အချိန်ကြာမြင့်စွာ ရပ်နားကြခြင်းမှ တဖြေးဖြေးလျော့ပါးသွားမှာဖြစ်ပြီး လမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ကားလမ်းမတစ်လျှောက် ယာဉ်လမ်းကျဉ်းသွားမှုများ လျော့ပါးသွားနိုင်မည့်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ဆက်လက်၍ ပြောကြားရာမှာ ယာဉ်/လမ်း စည်းကမ်းမလိုက်နာသူများကို ဒဏ်ငွေများသတ်မှတ်ခြင်းနှင့် ယာဉ်ရပ်နားခြင်းများကို ကောက်ခံခြင်းစသည့် ယာဉ်/လမ်း စည်းကမ်းနှင့်ပတ်သက်၍ ရရှိလာမည့် ဒဏ်ငွေများကို ဌာနဆိုင်ရာအကြီးအကဲများ နှင့် ဘဏ်တွင် ငွေစာရင်းဖွင့်ထားကာ စုထားမှာဖြစ်ပြီး အများပြည်သူများအတွက် လိုအပ်သည့်နေရာများမှာ အသုံးပြုမည့်အချိန်အခါမျိုး၌ ထုတ်ယူ၍ အသုံးပြုမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားပြီး အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်စေခဲ့ပါတယ်။

ယာဉ်မတော်တဆ ဖြစ်ပွားမှုနှင့်ပတ်သက်၍ ၂၀၁၂ခုနှစ်အတွင်းတွင် မြန်မာတစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုများ (၁၀၅၃၉)မှုဖြစ်ပွားခဲ့ပြီး သေဆုံးသွားသူများမှာ (၃၀၃၇)ဦးရှိပြီး ရှမ်းပြည်နယ် တစ်ခုလုံးတွင် ယာဉ်တိုက်မှု (၉၅၉)မှုဖြစ်ပွားခဲ့ကာ သေဆုံးသွားသူများမှာ (၃၂၃)ဦးရှိကြောင်းသိရပါတယ်။ တာချီလိတ်ခရိုင်တစ်ခုလုံးမှာလည်း ယာဉ်တိုက်မှုများ (၈၅)မှုဖြစ်ပွားခဲ့ပြီး သေဆုံးသွားသူများမှာ (၂၈)ဦးရှိခဲ့ကြောင်း သိရှိရပါတယ်။
 
တာချီလိတ် 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here