Wednesday, January 23, 2013

ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားအားလုံး ပါဝင်သည့် ညီလာခံတရပ် ကျင်းပမည်

0 comments


ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှ အခါ တိုင်းရင်းသူ အမျိုးသမီးတဦး (ဓာတ်ပုံ – Hseng Noung Lintner)
ရှမ်းပြည်နယ်အတွင်း နေထိုင်သည့် တိုင်းရင်းသား အားလုံးတွေ့ဆုံပြီး ငြိမ်းချမ်းရေး ယုံကြည်ချက် တည်ဆောက်ရန် အတွက် ညီလာခံ တရပ် ထပ်မံလုပ်ဆောင်မည်ဟု သိရသည်။
ညီလာခံ ကျင်းပရန် အတွက် ကော်မတီဖွဲ့ နေကြပြီဖြစ်ပြီး ရှမ်းပြည်နယ်ရှိ ပါတီများ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းများကို တွေ့ဆုံပြီး ရှမ်းပြည်နယ်၏ ငြိမ်းချမ်းရေး အကောင်အထည် ဖော်ဆောင်နိုင်ရေး ဆွေးနွေးမှုကို လာမည့် ဖေဖော်ဝါရီ လတွင် ကျင်းပနိုင်ရန် ကြိုးစားနေသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ဧရာဝတီသို့ပြောသည်။
“ဒီညီလာခံက ၂၀၁၂ နိုဝင်ဘာမှာ လုပ်ခဲ့တဲ့ နောက်ဆက်တွဲပေါ့။ အဲဒီတုန်းက ရှမ်းပြည်သူတွေ သီးသန့်တွေ့ခဲ့တယ်။ အခုက ရှမ်းပြည်နယ် အတွင်းမှာရှိတဲ့ ကိုးကန့်၊ ‘၀’ တိုင်းရင်းသားတွေနဲ့ ပါတီအားလုံး၊ လူမျိုးအားလုံးကိုပါ တွေ့မယ်။ အဲဒီကနေ ပြီးတော့ ရှမ်းပြည်နယ် ငြိမ်းချမ်းရေး ဘယ်လိုဆက်သွားမလဲ ဆိုတာ ဆွေးနွေးကြမယ်” ဟု ဦးခွန်ထွန်းဦးက ရှင်းပြသည်။
ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား နိုင်ငံရေး ပါတီများနှင့် လိုက်လံ တွေ့ဆုံညှိနှိုင်းနေကြောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတွင် ထာဝရ ငြိမ်းချမ်းရေး အမှန်တကယ် ရရှိနိုင်ရေးနှင့် စစ်မှန်သည့် ပြည်ထောင်စုစနစ် ပေါ်ထွန်းလာရေး အတွက် နိုင်ငံရေး အင်အားစုများ စုပေါင်းပြီး အကောင်အထည် ဖော်သွားနိုင်ရန် အတွက် သွားရောက်တွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။
ယုံကြည်မှု တည်ဆောက်ခြင်း ပထမအဆင့်ကို ၂၀၁၂ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့ပြီး ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီများ၊ လက်နက်ကိုင် အင်အားစုများ၊ လှုမှုအဖွဲ့အစည်းများကို ဖိတ်ကြားခဲ့သည်။ ယခု ဒုတိယ အဆင့်တွင် ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံရေးအင်အားစုများ၊ လက်နက်ကိုင် အပစ်ရပ် အဖွဲ့အစည်းများကို ဖိတ်ကြားသွားမည် ဖြစ်ကြောင်း၊ တတိယအဆင့်တွင် ပြည်ထောင်စုအတွင်းရှိ တခြားတိုင်းရင်းသား နိုင်ငံရေး အင်အားစုများကို ဖိတ်ခေါ်ကာမြန်မာနိုင်ငံတွင် ထာဝရ ငြိမ်းချမ်းရေး အမှန်တကယ်
 ရရှိစေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးခွန်ထွန်းဦးက ပြောသည်။
“ရှမ်းပြည်နယ် အတွင်းမှာရှိတဲ့ ပါတီတွေကို လိုက်ပြီး ဆွေးနွေးတော့ တခြား တိုင်းရင်းသားတွေလည်း ပါဝင်လာတယ်။ သူတို့ကလည်း အဲဒီ ညီလာခံကို လာရောက် ဆွေးနွေးမယ်။ ဒါကလည်း တိုင်းရင်းသား လူမျိုးတွေ အတွက်ပဲလေ” ဟု ၎င်းက ဆိုသည်။
ရှမ်းပြည်နယ်အတွင်းရှို တိုင်းရင်းသားပေါင်းစုံ အတွက် ညီလာခံတရပ် ကျင်းပနိုင်ရန်အတွက် ငြိမ်းချမ်းရေး ယုံကြည်မှု တည်ဆောက်ခြင်း ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ ဖွဲ့စည်းနိုင်ရန် ရှမ်းပြည်မြောက်ပိုင်း လားရှိုးတွင် ဇန်န၀ါရီ ၂၉ ရက်နေ့၌ ပြုလုပ် သွားမည်ဟု သိရသည်။
ရှမ်းတိုင်းရင်းသား အမျိုးသား လူငယ် တဦးကလည်း “ကျနော်တို့ ရှမ်းတိုင်းရင်းသား တွေသာမက ရှမ်းပြည်နယ် အတွင်းမှာ နေထိုင်တဲ့ တခြား တိုင်းရင်းသား လူမျိုးတွေကပါ ရှမ်းပြည်နယ် ငြိမ်းချမ်းရေးအတွက် လူမှုရေး၊ စီးပွားရေးအတွက်ညှိနှိုင်းမယ်ဆိုတော့ အရမ်းကို ၀မ်းမြောက်စရာပါ” ဟု ဧရာဝတီသို့ ပြောသည်။
SNLD ပါတီသည် တိုင်းရင်းသား နိုင်ငံရေး ပါတီကြီးတခု ဖြစ်သည့်အတွက် တခြားသော တိုင်းရင်းသားများ အပေါ် စိတ်ရှည် သည်းခံကာ ထာဝရ ငြိမ်းချမ်းရေး အမှန်တကယ် ရရှိစေရေးအတွက် ဦးဆောင်နိုင်မည့် ပါတီ တခုဖြစ်ကြောင်းလည်းအထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။
ရှမ်းလက်နက်ကိုင် အဖွဲ့အစည်း ၄ ဖွဲ့တွင် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA/ SSPP)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA/ RCSS)၊ မိုင်းလား (NDAA – ESS) နှင့် စိန်ကျော့ ပြည်သူ့စစ် အဖွဲ့များ ပါဝင်ပြီး နိုင်ငံရေးပါတီ ၃ ခုတွင် SNLD၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) နှင့် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (TNDP) တို့ နှင့်လည်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ လကုန်တွင်လည်း တွေ့ဆုံကာ ရှမ်းပြည်နယ်၏ ငြိမ်းချမ်းရေးယုံကြည်မှု တည်ဆောက်ခြင်းကို ရန်ကုန်တွင် ဆွေးနွေးခဲ့ကြသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်း သမ္မတ ဦးသိန်းစိန်က ဦးခွန်ထွန်းဦးအား ခေါ်ယူ တွေ့ဆုံခဲ့ပြီး ပြည်တွင်း ငြိမ်းချမ်းရေး ရေရှည် တည်တံ့ရန်နှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသား ခေါင်းဆောင် တဦး အနေနှင့် ဝိုင်းဝန်း လုပ်ဆောင်ပေးရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
ဧရာဝတီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here