Thursday, January 17, 2013

၂၀၁၃ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို နှစ်ရက်ကြာ ပြုလုပ်ခဲ့ပြီး နိုင်ငံခြားဧည့်သည့် လာရောက်မှု လျော့ကျ

0 comments

PDF Print


w1-17-1-3
၂၀၁၃ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့နယ်တွင် ကျင်းပစဉ်
၂၀၁၃ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို နာဂလူမျိုးများ နေထိုင်ရာ မြို့နယ်တစ်ခုဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့နယ်တွင် ဇန်န၀ါရီလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တို့က ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။
နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီးနှင့် လဟယ်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များက အကြိုဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဇန်န၀ါရီလ ၁၅ ရက်နေ့တွင်မူ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကာ ပွဲတော်ကို ဆက်လက် ကျင်းပခဲ့သည်ဟု သိရသည်။
ယခုနှစ် နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်သို့ နိုင်ငံခြားသားဧည့်သည် လာရောက်ကြည့်ရှုမှု လျော့နည်းသွားပြီး စုစုပေါင်း ၁၅ ဦးခန့်သာ လာရောက်ခဲ့ကြောင်း နာဂရိုးရာ ပွဲတော်ဖြစ်မြောက်ရေး ဗဟိုကော်မတီဝင် ဦးဆားမူ၏ ပြောပြချက်အရ သိရှိရသည်။ ထိုကဲ့သို့ လျော့ကျသွားရခြင်းမှာ လဟယ်မြို့၏ နယ်မြေ လုံခြုံမှုအခြေအနေ အားနည်းနေခြင်းနှင့် အခြားနေရာဒေသများနှင့် လမ်းပန်းဆက်သွယ်မှု ခက်ခဲခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။
ယခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပရာ လဟယ်မြို့နယ်သို့ အနီးနား ပတ်ဝန်းကျင်ရှိ ရွာများမှ နာဂလူမျိုးများက နှစ်ရက်၊ သုံးရက်၊ ငါးရက်စသည်ဖြင့် ခြေလျင်ခရီးဖြင့် လာရောက်ကာ ဖျော်ဖြေမှု ပြုလုပ်ခဲ့ကြသော်လည်း ယခုနှစ်ပွဲတော်မှာ စည်ကားမှု လျော့ကျလာသည်ဟု လဟယ်မြို့တွင် နေထိုင်သူ နာဂလူမျိုး ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ထို့ပြင် တင်ဆက်ပြသခဲ့သည့် နာဂရိုးရာ ၀တ်စုံများမှာလည်း ရှေးယခင်က ပြသခဲ့သည့် ၀တ်စုံများဖြင့် သိသာစွာ ကွဲပြားခြားနားလာပြီး ယင်းသို့ ခြားနားလာခြင်းက ခရီးသွားဆွဲဆောင်မှုကို လျော့ကျကာ စည်ကားမှု လျော့နည်းလာခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောကြားခဲ့ကြသည်။
''ပြီးခဲ့တဲ့နှစ်က နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို လေရှီးမြို့နယ်မှာ လုပ်တာ အဲဒီနှစ်က နိုင်ငံခြားသားဧည့်သည် အယောက် ၅၀ လာကြတယ်။ ဒီနှစ် နိုင်ငံခြားသား ခရီးသွားတွေကို ပို့ပေးတဲ့ Diamond Palace ခရီးသွား ကုမ္ပဏီက စာရင်းပေးတာကတော့ ၁၅ ယောက်လောက်ပဲ ရှိပါတယ်။ နယ်မြေလုံခြုံမှု အားနည်းတဲ့အပြင် လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေကြောင့် ခရီးသွားလာရောက်မှု နည်းတာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကလည်း ဒီပွဲကို နိုင်ငံတော်အကြီးအကဲတွေလည်း တက်ရောက်တာကြောင့် စည်စည်ကားကားဖြစ်အောင်လို့ စီစဉ်ခဲ့ပါတယ်''ဟု နာဂရိုးရာ ပွဲတော်ဖြစ်မြောက်ရေး ဗဟို ကော်မတီဝင် ဦးဆားမူက ပြောကြားခဲ့ သည်။
ယခုနှစ်ကျင်းပသည့် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်နှင့် ပတ်သက်၍ လဟယ်မြို့နယ်ရှိ ဒေသခံ နာဂလူမျိုးတစ်ဦးက ''ဒီနှစ် နာဂနှစ်သစ်ကူးပွဲတော်ကို လာကပြဖို့ခေါ်တဲ့ ရွာတွေက နာဂ လူမျိုးတွေကို အရေအတွက် ကန့်သတ်ချက်နဲ့ ခေါ်တယ်လို့ သိရတယ်။ ကပြတဲ့ တိုင်းရင်းသားတွေရဲ့ ၀တ်စားဆင်ယင်မှုကိုလည်း ဟိုတုန်းကလို ၀တ်စားဆင်ယင်မှု မဟုတ်ဘဲ လူမြင်ကောင်းအောင် ကန့်သတ်လိုက်တယ်လို့လည်း သိရတယ်။ ဒါကြောင့် အရင်လို ရိုးရာ ၀တ်စားဆင်ယင်မှုတွေနဲ့ တင်ဆက်တာ နည်းသွားပါတယ်''ဟုလည်း ပြောပြခဲ့သည်။
နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို ရှေးယခင်က နာဂလူမျိုးများ နေထိုင်သည့် ရွာများတွင် ကိုယ့်အစီအစဉ်ဖြင့် ကိုယ်ပြုလုပ်ခဲ့ကြပြီး ၂၀၀၀ ခုနှစ်မှ စတင်၍ နိုင်ငံတော်အကြီးအကဲများ တက်ရောက်ကာ နာဂလူမျိုးများ နေထိုင်သည့် မြို့နယ်များဖြစ်သော ခန္တီး၊ လေရှီး၊ လဟယ်၊ နန်းယွန်း စသည့် မြို့နယ်များတွင် တစ်လှည့်စီ ပြုလုပ်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က လေရှီးမြို့ နယ်တွင် ပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် နန်းယွန်းမြို့နယ်၌ ပြုလုပ်ရန် အလှည့်ကျသော်လည်း နန်းယွန်းမြို့နယ်မှာ ကချင်ပြည်နယ်နှင့် နီးစပ်နေသောကြောင့်လုံခြုံရေးအခြေအနေအရလဟယ်မြို့နယ်သို့ ပြောင်းရွှေ့ကာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု
 သိရသည်။
eleven media group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here