Saturday, February 9, 2013

ဌာနဆိုင်ရာမှ အငှားဆိုင်ကယ်ပြေးဆွဲသူများ"ရွှေတာချီ ခရီးသွားလုပ်ငန်း"နှင့် သတင်းမီဒီယာများအား ခေါ်ယူတွေ့ဆုံ

0 comments
ဖေဖော်ဝါရီ(၉)

၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၈)ရက် ညနေ(၃)နာရီက တာချီလိတ်မြို့နယ် ထွေ/အုပ်ရုံး၏ အစည်းအဝေးခန်းမမှာ ဌာနဆိုင်ရာများမှ "ရွှေတာချီ ခရီးသွားလုပ်ငန်း"မှ အငှားဆိုင်ကယ် ပြေးဆွဲသူများအပါအ၀င် စာနယ်ဇင်းအဖွဲ့ဝင်များ နှင့် သတင်းမီဒီယာများအား ခေါ်ယူ၍ တွေ့ဆုံဆွေးနွေးရှင်းလင်းပွဲကို ပြုလုပ်ခဲ့ကြပါတယ်။

ယခုလို ခေါ်ယူတွေ့ဆုံရာမှာ သျှမ်းသံတော်ဆင့် သတင်းဌာနတွင် ဖော်ပြထားသော
 ဖေဖော်ဝါရီ(၆)ရက်နေ့ပါ "ဥပဒေအထက်မှာ ဘယ်သူရှိနေလဲ"ခေါင်းစဉ်ဖြင့် ပေးစာကိစ္စ၊  အငှားဆိုင်ကယ်ပြေးဆွဲသူများနှင့် ပတ်သက်၍ ယာဉ်စည်းကမ်းလိုက်နာရန်ကိစ္စ စသည်များကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ "ဥပဒေအထက်မှာ ဘယ်သူရှိနေလဲ" အမည်ပါ ပေးစာကိစ္စနှင့်ပတ်သက်၍ ဒီရက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်သည် တာချီလိတ်မြို့သို့ရောက်ရှိစဉ်က ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးနှင့် တွေ့ဆုံစဉ် အဆိုပါပေးစာနှင့်ပတ်သက်၍ "မိမိသည် ပြည်ခိုင်ဖြိုးပါတီက လာသည်ဆိုသော်လည်း ယခုအခါမှာ ပါတီအကျိုးအတွက်လုပ်နေတာမဟုတ်ပဲ မိမိအနေဖြင့် တာဝန်ယူထားရသော ပြည်နယ်အတွက်
 ပြည်သူတွေအတွက် အကောင်းဆုံးဖြစ်အောင်ရည်ရွယ်ကာ လုပ်ဆောင်နေတာဖြစ်ကြောင်း၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏအစွဲမရှိကြောင်း ပြောကြားလာတာကို ယနေ့တွေ့ဆုံပွဲမှာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ ပြန်လည်ရှင်းပြခဲ့ပါတယ်။


ဆက်လက်၍ ဦးသောင်းတင်ထွေးမှ ပြောကြားရာမှာ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တွေကြောင့် မီဒီယာကိုအသုံးချပြီး ပုတ်ခတ်မှုလုပ်ဆောင်သည်မှာ မိမိအတွက်ရော မိမိရည်ညွှန်းသူအတွက်ရော မကောင်းကြောင်း လုပ်လည်းမလုပ်သင့်ကြောင်း၊ ဌာနဆိုင်ရာများ၏ လုပ်ဆောင်ချက်များတွင် အားနည်းချက်များတွေ့ရှိလာပါက ထောက်ပြ အကြံပြုနိုင်ပါကြောင်း၊ ထိုကဲ့သို့ အကြုံပြုတင်ပြရာမှာ ဟိုယခင်ကလို မဟုတ်တော့ပဲ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နေသည်ဖြစ်တဲ့အတွက်ကြောင့် အကြံပြုသူများအနေဖြင့် ရှက် ကြောက် စရာမလိုကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။

တွေ့ဆုံပွဲသို့ တက်ရောက်လာသော ဌာနဆိုင်ရာများ နှင့် သတင်းမီဒီယာများဖြစ်သည့် တာချီလိတ်မြို့နယ်စာရေးဆရာအသင်း၊ မြန်မာ့အလင်းသတင်းစာ၊ မြ၀တီသတင်းစာ၊ Eleven Media နှင့် တာချီလိတ်အွန်လိုင်းစာမျက်နှာ စသည်တို့မှာ သတင်းထောက်များ အပါအ၀င် အငှားဆိုင်ကယ်
 ပြေးဆွဲသူများဖြစ်သည့် "ရွှေတာချီ ခရီးသွားလုပ်ငန်း"မှ တက်ရောက်လာသူ(၇၀)ဦးခန့်တို့သည် မိမိတို့ မေးမြန်းတင်ပြလိုသည်များကို လွတ်လပ်စွာ ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ 

ဆွေးနွေးတင်ပြရာမှာ "ရွှေတာချီ ခရီးသွားလုပ်ငန်း"အငှားဆိုင်ကယ်ပြေးဆွဲခြင်းကိစ္စကို အဓိက မေးမြန်းခဲ့ကြတာဖြစ်ပါတယ်။ ထိုကဲ့သို့ မေးမြန်းကြရာမှာ "ရွှေတာချီ ခရီးသွားလုပ်ငန်း"မှ တာဝန်ရှိ ပုဂ္ဂိုလ်များက ဖြေကြားခဲ့ကြပါတယ်။ "ရွှေတာချီ ခရီးသွားလုပ်ငန်း"မှ ဥက္ကဌဖြစ်သူ ဦးစိုင်းကျော်ဇံမှ ပြောကြားရာမှာ အငှားဆိုင်ကယ်ပြေးဆွဲသူများသည် နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာက အကျိုးပြုနေကြတာကိုလည်း သတိချပ်စေလိုကြောင်း၊ အကြောင်းမှာ မှုခင်းကိစ္စများ၊ လူကုန်ကူးကိစ္စများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းကိစ္စများ စသည်တို့ကို တာဝန်သိ အငှားဆိုင်ကယ်ပြေးဆွဲသူများမှ သတင်းပေးနိုင်မှုတို့ကြောင့် တစ်ချို့ ကိစ္စရပ်များမှာ အလွယ်တကူဖော်ထုတ်နိုင်ခဲ့ကြတာဖြစ်ကြောင်း၊ အထူးသဖြင့် အငှားဆိုင်ကယ်ပြေးဆွဲသူတို့သည် CCTV သဖွယ်ဖြစ်ကြောင်း၊ CCTV မရှိသည့်နေရာမျိုးတွေမှာ အငှားဆိုင်ကယ်ပြေးဆွဲသူတွေ၏ နားတွေ မျက်စိတွေရှိနေကြကြောင်း စသည်တို့ဖြင့် ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။


ဆက်လက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းထွန်းဦး မှလည်း အငှားဆိုင်ကယ်ပြေးဆွဲသူများအား ခရီးသည်ကို (၃)ယောက် မတင်စေလိုကြောင်း၊ (၃)ယောက်တင်သည့်အခါ ယာဉ်တိုက်မှုထိခိုက်လွယ်သလို လူသူခေါင်းပါးသော နေရာများတွင်လည်း မိမိအတွက် အန္တရာယ်ရှိနိုင်ကြောင်း၊ ညဖက်အချိန်မတော်တွင်လည်း ခရီးသည်မှ မည်မျှပေးသည်ဖြစ်စေ မိမိအတွက် လုံခြုံစိတ်ချမှုမရှိဟု ထင်ပါက မလိုက်စေလိုကြောင်း နှင့် ယာဉ်စည်းကမ်းကိုလည်း အထူးသဖြင့် လိုက်နာဖို့ လိုအပ်ပါကြောင်း နှင့် မီးပွိုင်များကို တပ်ဆင်ရန်အတွက် စီစဉ်လျှက်ရှိပြီး ပထမဦးစွာ ရွှေတိဂုံဘုရားအောက်တွင် မီးပွိုင့်တစ်ခု၊ အမှတ်(၂)တံတားနားတွင် မီးပွိုင့်တစ်ခုတပ်ရန်ရှိကြောင်း ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။

ထို့နောက်မှာတော့ အငှားဆိုင်ကယ်ပြေးဆွဲသူများ၏ "ရွှေတာချီ ခရီးသွားလုပ်ငန်း"နှင့်ပတ်သက်၍ မေးမြန်းရှင်းလင်းမှုများပြုလုပ်ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ နိဂုံးချုပ်စကားပြောကြား၍ တွေ့ဆုံရှင်းလင်းပွဲ ပြီးမြောက်စေခဲ့ကြပါတယ်။


တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here