Thursday, May 9, 2013

RCSS ၏ ရွှေလီမြစ်ဝှမ်းဒေသ အစိုးရတပ်စစ်မျက်နှာသစ်ဖွင့် ဒေသခံရာဂဏန်း တရုတ်ပြည်သို့ထွက်ပြေး

0 comments
မေ ၉ ရက်


သျှမ်းပြည်မြောက်ပိုင်းရွှေလီမြစ်ဝှမ်းဒေသရှိသျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ထိန်းချုပ်နယ်မြေအတွင်း ယနေ့နံနက်ပိုင်း၌ အစိုးရစစ်တပ်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဒေသခံလူထု ၈၀၀ ကျော် တရုတ်ပြည်သို့ ထွက်ပြေး တိမ်းရှောင် နေရသည်ဟုဆိုသည်။

“ကျနော်တို့ဘက်က စပြီး ရန်ရှာတာမဟုတ်ဘူး။ ဒီစစ်ကြောင်းတွေကို စကခ ၁၆ မှူးက နမ့်ခမ်းမြို့ စိုက်ပြီး တိုက်ရိုက်ကွပ်ကဲ နေတာ။ အခု ကျနော်တို့နယ်မြေဆီကို ၆ ဘက် ၆ တန်ကနေဝင် လာတယ်။ အခုလဲ ပစ်ခတ်တိုက်ခိုက်နေရတုန်း။ ကျနော်တို့လူ ၁ ယောက် ကျတယ်။ အစိုးရစစ်သား အလောင်း ၁၁ လောင်း တွေ့ တယ်။ အရှင်လဲ ဖမ်းထားတယ်။ ကျနော်စစ်ကြည့်ဦးမယ် ဒါဘဲနော်” - ဟု စစ်ဒေသ မှူး ဒု ဗိုလ်မှူးကြီး ဇွမ်မိဏ်းက စစ်မျက်နှာပြင်ကနေ ပြောနေတာဖြစ်ပါသည်။

ယခုသတင်းရေးနေချိန်အထိ နမ့်ခမ်းဆေးရုံကြီးတွင် ဒဏ်ရာရ မြန်မာစစ်သား ၆ ယောက် ရောက်ရှိနေပြီး အရေးပေါ်သွေးလိုနေ သည် ဟုလည်း မြို့တွင်း၌သတင်းပျံ့နေသည်ဟု နမ့်ခမ်းဒေသခံ တဦးကပြောပါသည်။ ဒဏ်ရာရစစ်သားများအား ပန်းဆေးပြည် သူ့စစ်က ကူညီပို့ဆောင်ပေးနေသည်ဟုလည်း ဆိုပါသည်။ 

အလားတူ စစ်မျက်နှာပြင်တွင်လည်း ပန်းဆေးပြည်သူ့စစ်နှင့် ဦးလောဆာမ် ဦးဆောင်သောနမ့်ခမ်းမြို့မ ပြည်သူ့စစ်တို့ကလည်း အစိုးရတပ်ဘက်မှ ပါဝင်တိုက်ခိုက်နိုင်ဖွယ်ရှိကြောင်း ကော့လီသတင်းဌာနတွင် ဖော်ပြထားသည်။ 
မေ ၉ ရက် နံနက် ၄ နာရီခန့်မှ စ၍ အစိုးရတပ် စကခ ၁၆ လက်အောက်ခံတပ်ရင်းများ စစ်အင်အား ၄၀၀ ကျော်က ရွှေလီမြစ်ကို လှေဖြင့်ကူးကာ သျှမ်းပြည်တပ်မတော် အမှတ် ၇၀၁ စစ်ဒေသ အားတိုက်ခိုက်ခဲ့ခြင်း ဖြစ် ၏။ အစိုးရတပ်များ တာဟေးမန့်ဟောင်း (ရွှေလီမြစ်ကူးဆိပ်) မှ လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်မှု ကြောင့် တရုတ်ပြည်ဘက်ခြမ်းသို့ အများအပြားကျရောက်ကြောင်း၊ တိုက်ပွဲကြောင့် သျှမ်းပြည်ဘက်ခြမ်း အပါအဝင်၊ တရုတ်နယ်စပ်လူထုလဲ တိမ်းရှောင်နေရသည်ဟု ဆိုသည်။

တိုက်ပွဲကြောင့် နမ့်ခမ်းမြို့တဘက်ကမ်း ရှိ နောင်မ ကျေးရွာအုပ်စု ဝမ်တာဟေး၊ ဟိုဆိုင်း၊ ဝမ်ကွန် စသည့် ကျေးရွာများမှ ဒေသခံ ၈၀၀ ကျော်က တရုတ်ပြည် နောင်တောဝ်းဘက် ထွက်ပြေးတိမ်းရှောင်နေကြောင်း ရွာအုပ်ချုပ်ရေးမှူးက တဦးဖြစ်သည့် အိုက်ယီ့လုံ ကပြောပါသည်။

“အခုတရုတ်ဘက်မှာလဲ တရုတ်စစ်သားတွေ အင်အားဖြန့်ထားတယ်။ လူထုတွေတော့ တရုတ်ထဲ ပြေးဝင်နေတယ်။ ဒီဘက်ခြမ်းရော ဟိုဘက်ခြမ်းရော ဒေသခံတွေက သျှမ်းတွေဘဲ။ ဆိုင်ရာအမျိုးတွေဆီ သွားခိုနေကြတယ်” - ဟု ဆို၏။

အထင်ကရဓါတ်ပုံအရောင်းသမားဟန်ဆောင် စစ်ထောက်လှမ်းရေး လေးဦးပျောက်ဆုံးမှုမှ စတင်ပြီး ယခုကဲ့တို့ နှစ်ဘက်တိုက်ပွဲ များ ဖြစ်ပွား လာရခြင်းဖြစ်သည် ဟု ဒေသခံတချို့ကဆိုပါသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA သည်အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်ထားသည့်အဖွဲ့ဖြစ်ပါသည်။

သျှမ်းသံတော်ဆင့်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here