Saturday, February 2, 2013

အင်းလေးဟိုတယ်ဇုန်စီမံကိန်းအား နှောင့်ယှက်တားမြစ်သူများအား အရေးယူမည်

0 comments
ဖေဖော်ဝါရီ(၂)
တောင်သူများအားသီးနှံလျော်ကြေးများပေးခြင်းအခမ်းအနား(ဓာတ်ပုံ-ဧရာဝတီဘလော့)

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာရှိ ဟိုတယ်ဇုန်စီမံကိန်း ဆောင် ရွက် နေမှုအား ဟန့်တားနှောင့်ယှက်ဖျက်ဆီးသူများအား ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမိန့်ထုတ်ထားသည်။

အဆိုပါ ဟိုတယ်ဇုန်စီမံကိန်းသည် နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၂ မေလ ၉ ရက်နေ့ ရက်စွဲပါစာအမှတ်၊ ၅၂(ခ)/၇/သမ္မတရုံးဖြင့် အင်းလေးဒေသဟိုတယ်လုပ်ငန်းများ လိုအပ်မှုအရ သစ်တောဦးစီးဌာန၏ အင်းလေးအရှေ့ကြိုးဝိုင်းအတွင်း မြေဧရိယာ(၆၂၂)ဧကအား ဟိုတယ်ဇုန်အဖြစ် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ သတ်မှတ်ပေးပြီး ဒေသခံပြည်သူများနစ်နာမှုမရှိစေရန် တောင်သူများတောင်း ဆိုသည့်အတိုင်း သီးနှံလျော်ကြေးများပေးခြင်းအပြင် ဒေသခံပြည်သူများအပိုင် သစ်တောစိုက်ခင်း များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇန်န၀ါရီလ(၂၉)ရက်နေ့ မနက်ပိုင်းတွင် ဟိုတယ်ဇုန်စီမံကိန်းနေရာသို့ ရွာသူ/ရွာသား(၄၀)ကျော်နှင့် သံဃာတော်(၁၅)ပါးခန့် ရောက်ရှိလာပြီး ပိတ်ဆို့တားဆီးခဲ့သဖြင့် ဟိုတယ်ဇုန်စီမံကိန်းလုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ရသည်။ နေ့လည်ပိုင်းတွင် ၎င်းနေရာသို့ တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူး၊ တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံမေးမြန်းရာတွင် “ဟိုတယ်ဇုန်စီမံကိန်းတွင် ပါဝင်သွားသော မြေနေရာများအတွက် ငွေမယူလိုဘဲ မြေကိုသာ ပြန်လိုချင်ကြောင်း မည်သည့်စီမံကိန်း လုပ်သည်ကို မိမိတို့အား အသိမပေးသည့် ကိစ္စနှင့်ပတ်သက်၍ လွှတ်တော်သို့ တင်ပြထားသဖြင့် လွှတ်တော်၏ ဆုံးဖြတ်ချက်ရမှသာ ဆက်လက်လုပ်ကိုင်ရန်” တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ဇန်န၀ါရီလ (၃၁)ရက်နေ့တွင် ညောင်ရွှေမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမိန့်အမှတ်၊ (၁/၂၀၁၃)ကို ထုတ်ပြန်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ(၃၁)ရက်နေ့မှစကာ အင်းလေးဒေသ ဟိုတယ် ဇုန်စီမံကိန်းလုပ်ငန်းများအား ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်း၊ စည်းရုံး လှုံ့ဆော်ခြင်း များ ဆောင်ရွက်ပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ နှင့် အခြားတည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ပုဒ်မ ၁၈၈ ဆိုသည်မှာ အာဏာပိုင်အဖွဲ့အစည်းမှ ချမှတ်ထားသောအမိန့်ကို ဖောက်ဖျက်ခြင်းဖြစ်ပြီး အမြင့်ဆုံးထောင်ဒဏ် (၁)ရက်မှ (၆)လ အထိနှင့် ငွေ ဒဏ်(၁၀၀၀)ကျပ်ဖြစ်ကြောင်း သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here