မတ်(၁၉)
နိုင်ငံတကာ ရော်ဘာဈေး ဆက်လက်ကျဆင်းနေသော်လည်း လက်ရှိ ပြည်တွင်း၌
အမေရိကန် ငွေလဲနှုန်း မြင့်မှုကြောင့် ပြည်တွင်းရော်ဘာပေါက်ဈေးမှာ သိသာစွာ
ထိုးကျသွားခြင်း မရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ
အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂ဝ၁၃ ခုနှစ်၊ သြဂုတ်လအတွင်း နိုင်ငံတကာပေါက်ဈေးမှာ ရော်ဘာတစ်တန်လျှင်
အမေရိကန်ဒေါ်လာ ၃၅ဝဝ ရှိခဲ့ပြီး ယင်းနောက် အမေရိကန်ဒေါ်လာ ၃ဝဝဝ ရှိခဲ့ရာမှ
ယခု မတ်လ ၁၈ ရက် ပေါက်ဈေးအရ RSS 5 တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၆ဝဝ၊ RSS 3
တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၇ဝဝ နှင့် RSS 1 တစ်တန်လျှင် အမေရိကန်ဒေါ်လာ
၂၈ဝဝ အသီးသီး ပေါက်ဈေး ရှိနေသည်။
''ဒီနှစ်ထဲမှာ နိုင်ငံတကာပေါက်ဈေးက အတော်လေး ကျတယ်လို့ ပြောလို့ရတယ်။
ခြံဖွင့်ရာသီ သြဂုတ်လလောက်မှာတုန်းက ပေါက်ဈေးက ၃၅ဝဝ လောက် ရှိသေးတယ်။
အဲဒီနောက်ပိုင်းမှာ ဆက်ကျနေတယ်။ အဓိက တရုတ်ဘက်က ဝယ်လိုအားလဲ နည်းနေတဲ့အတွက်
ဈေးထိန်းထားတဲ့ သဘောရှိတယ်။ တရုတ်ဘက်က လိုအပ်ချက်မြင့်လာရင်
ဈေးတက်တတ်ပါတယ်။ အခုလောလောဆယ် နိုင်ငံတကာ ဈေးကျနေပေမဲ့လည်း ပြည်တွင်းမှာ
အမေရိကန်ဒေါ်လာ ဈေးမြင့်လာတော့ ပြည်တွင်းရော်ဘာပေါက်ဈေး သိသိသာသာ
ထိုးကျသွားတာမျိုး မရှိပါဘူး'' ဟု မြန်မာနိုင်ငံ
ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းမှ အတွင်းရေးမှူး ဦးခိုင်မြင့်က
ရှင်းပြသည်။
၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ် မတ် ၁ ရက်အထိ ပြည်ပသို့ ရော်ဘာတန်ချိန် ၇ သောင်းကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၂၃၃ သန်း ဝန်းကျင် ရရှိထားသည်။
သို့သော် ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံးဖြင့် နှိုင်းယှဉ်ပါက တန်ချိန်အားဖြင့်
ပိုမို တင်ပို့နိုင်သော်လည်း နိုင်ငံတကာ ဈေးများကျဆင်းနေမှုကြောင့်
တန်ဖိုးအားဖြင့် လျော့ကျရရှိထားကြောင်း သိရသည်။
နိုင်ငံတကာ ရော်ဘာပေါက်ဈေးနှုန်းများမှာ ၂ဝ၁၁ ခုနှစ်တွင် ရော်ဘာတစ်တန် အမေရိကန်ဒေါ်လာ ၆ဝဝဝ နီးပါးအထိ စံချိန်တင် မြင့်တက်ခဲ့သည်။
ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်အတွင်းက ရော်ဘာတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉ဝဝ
အထိ ကျဆင်းခဲ့ပြီး ယခု ၂ဝ၁၃ ခုနှစ်တွင် ရော်ဘာတစ်တန် ပေါက်ဈေးမှာ
အမေရိကန်ဒေါ်လာ ၂၈ဝဝ အထိ ဆက်လက်ကျဆင်းနေကြောင်း သိရသည်။
နှစ်အလိုက် အမြင့်ဆုံးဖြစ်ခဲ့သည့် ကမ္ဘာ့ရော်ဘာပေါက်ဈေး
(တစ်တန်၊ အမေရိကန်ဒေါ်လာ)
၂ဝဝ၅(အောက်တိုဘာ) | ၁၇၁၉ | |||||||||||||||
၂ဝဝ၆(ဇွန်) | ၂၇၂၉ | |||||||||||||||
၂ဝဝ၇(နိုဝင်ဘာ) | ၂၅ဝ၅ | |||||||||||||||
၂ဝဝ၈(ဇွန်) | ၃၂၄၁ | |||||||||||||||
၂ဝဝ၉(ဒီဇင်ဘာ) | ၂၈၁ဝ | |||||||||||||||
၂ဝ၁ဝ(ဒီဇင်ဘာ) | ၄၇၄ဝ | |||||||||||||||
၂ဝ၁၁(ဇန်နဝါရီ) | ၅၄ဝဝ | |||||||||||||||
၂ဝ၁၂(မတ်လ) | ၃၉ဝဝ | |||||||||||||||
၂ဝ၁၃(သြဂုတ်) | ၃၅ဝဝ | eleven |