Friday, March 15, 2013

Google Reader ဖျက်သိမ်းတော့မယ်

0 comments
မတ်(၁၅)


 
 နေ့ စဉ်နဲ့ အမျှ Google Reader ကနေတဆင့် စာဖတ်နေတဲ့သူများအတွက် အံ့အားသင့်သွားမယ့် သတင်းတပုဒ်ကို Google က ကြေညာလိုက်ပါတယ်။ 
အဲဒါကတော့ သူ့ရဲ့ application ၀န်ဆောင်မှု တခု ဖြစ်တဲ့ Google Reader  ကို လာမယ့် ဇူလိုင် ၁ ရက်နေ့မှာ ပိတ်သိမ်းတော့မယ် ဆိုတာပါပဲ။

ကမ္ဘာအနှံ့က လူအများအပြား ပွက်လောရိုက်သွားအောင် လုပ်ခဲ့တဲ့ ဒီသတင်းက အခုတော့ Twitter စာမျက်နှာမှာ နံပါတ် ၁  နေရာ ယူသွားပါပြီ။

သတင်းဝက်ဆိုဒ်တွေနဲ့ ဘလော့ တွေမှာ တွေ့ နေရတဲ့ RSS ( Real Simple Syndication) ဆိုတဲ့ လုပ်ဆောင်ချက်ဟာ စာဖတ်သူများ နောက်ဆုံးရသတင်းတွေ အလွယ်တကူ ဖတ်ယူစေနိုင်တဲ့ ၀န်ဆောင်မှုမျိုးဖြစ်ပါတယ်။ 

အဲ့လို စာဖတ်သူများအတွက် အဆင်ပြေစေမယ့် ဝန်ဆောင်မှုကို Google Reader က ပေးခဲ့တာ အတော်ကိုကြာခဲ့ပါပြီ။
 


(Google Reader  ဖွင့်ဖတ်မယ် ဆိုရင် 
ဇူလိုင် ၁ ရက်နေ့ နောက်ပိုင်း အသက်မ၀င်တော့ဘူး ဆိုတဲ့ ကြော်ငြာကို တွေ့ရမှာပါ)
 

ဒီဝန်ဆောင်မှုက နောက်ဆုံးပေါ် နည်းပညာတွေနဲ့ အညီ မလိုက်နိုင်ဘဲ ခေတ်ဟောင်းမှာ ကျန်နေခဲ့ပြီလို့  တချို့ သော လူမှုကွန်ရက် ၀က်ဆိုက်တွေက ဆိုကြပါတယ်။ 

ဒီခေတ်မှာ အားလုံးဟာ Twitter ကနေ တဆင့် ဖတ်ချင်တာတွေ ဖတ်လို့ ရနေပေမယ့် Google Reader လို ပြီးပြည့်စုံတဲ့ အနေအထား မဟုတ်ပါဘူး။

Google Reader ဟာနေ့ စဉ်နဲ့ အမျှ သတင်းဖတ်ချင်တဲ့သူတွေအတွက် ကိုယ်ကြိုက်တဲ့ဝက်ဆိုဒ်က သတင်းတွေကို ကိုယ့် Google အကောင့် စာမျက်နှာ တနေရာတည်းမှာ ဖတ်နိုင်ပါတယ်။
အဲဒီလောက်အထိ အလွန် အသုံးဝင်နေတဲ့ ၀န်ဆောင်မှုပါ။

Twitter လို ရှိသမျှသတင်း၊ ကောလဟလ တွေနဲ့ ပြည့်ကြပ်မနေပါဘူး။

Flipboard , Pulse တို့ လို သတင်းဖတ်တဲ့ Applications တွေမှာတော့  ဓာတ်ပုံတွေနဲ့ သာ ပြည့်နေပြီး လိုအပ်တဲ့ သတင်းအချက်အလက်အစုံကို မဖတ်နိုင်ပါဘူး။

Google Reader ဟာ အခြား သတင်းဖတ်တဲ့ ၀န်ဆောင်မှုတွေနဲ့ အပြိုင် ဒီဇိုင်းပိုင်းမှာ အားနည်းချင်နည်းမယ်၊ ဆွဲဆောင်မှုပိုင်းမှာ ဂရုမစိုက်နိုင်တွေရှိမယ်၊ 
သူ့ရဲ့ Application က တချက်ခုတ် နှစ်ချက်ပြတ် စေပြီး စာဖတ်သူရဲ့ ဆန္ဒနဲ့ ထပ်တူညီစေတယ် လို့ အိုင်တီသတင်းတွေ ဖော်ပြတဲ့ Mashable အင်တာနက်စာမျက်နှာ နည်းပညာပိုင်းဆိုင်ရာ အယ်ဒီတာ တဦးက ပြောသွားပါတယ်။

Google ရဲ့ ဆော့ဝဲအင်ဂျင်နီယာတဦးဖြစ်တဲ့ အဲလန် ဂရင်း ကတော့ “ ကျနော်တို့ လည်း ဒီလိုဖျက်သိမ်းရမှာကို စိတ်မကောင်းပါဘူး၊ 
ကျနော်တို့ ကုမ္မဏီမှာရှိသမျှ စွမ်းအင်တွေကို  တကယ့်အရေးကြီးမယ့် နေရာတွေမှာ သုံးသင့်ပါတယ်" လို့Google Reader ဘလော့ဂ် မှာ ရေးသားခဲ့တာကို တွေ့ ရပါတယ်။ 

ဒီလို ဖျက်သိမ်းလိုက်မယ် ဆိုရင် တခြား ၀န်ဆောင်မှုတွေကို ပိုပြီး တီထွင်လာနိုင်မှာပါ လို့ သူက ဆိုပါတယ်။

လူမှုကွန်ရက်ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်တဲ့  Pinboard ဝက်ဆိုက်ကတော့ ဒီသတင်းကို ကောင်းကောင်း သရော်လိုက်ပါတယ် -

ကျနော် တို့ အာရုံစူးစိုက်ဖို့ လိုပါတယ် - အလိုအလျောက်မောင်းနေတဲ့ကား၊ ပဉ္စလက်မျက်မှန်၊ လက်ဆွဲကွန်ပြူတာ၊ OS၊ ဘရာဇီး ဆိုရှယ်ဝက်ဆိုဒ်တွေကို ပိုဂရုစိုက်ပြီး Feed Reader ကို  ဖျက်လိုက်ရအောင်  လို့ သရော်ပါတယ်။

Google ကို စတည်ထောင်စဉ်တုန်းကတော့ ကမ္ဘာပေါ်မှာရှိတဲ့ အချက်အလက်၊ သတင်းအစုံအလင်ကို တစုတစည်းတည်း ဖြစ်အောင် ဆိုပြီး ရည်ရွယ်ခဲ့တာပါ။  

သူတို့ ဖန်တီးခဲ့တဲ့ RSS Feeds ၀န်ဆောင်မှုကို မြန်မာပြည်မှာသာမက တခြားနိုင်ငံတွေမှာပါ အများအပြား  မြတ်နိုးစွာ သုံးစွဲနေတုန်းပါပဲ။ 

၂၀၁၁ ခုနစ်လောက်ကစပြီး Google ဟာ ဒီဝန်ဆောင်မှုဌာန ဝန်ထမ်းအင်အားကို လျှော့ချခဲ့သလို ဝန်ဆောင်မှုကနေ ပိုက်ဆံရဖို့ လည်း နည်းလမ်းအမျိုးမျိုး ကြိုးစားခဲ့ပါတယ်။
 အလုပ်မဖြစ်တာကြောင့်  ဖျက်သိမ်းဖို့ ကြံရွယ်လိုက်ဟန်တူပါတယ်။

လတ်တလောမှာတော့ Google Reader ချစ်သူတွေက ဒီဝန်ဆောင်မှု  မဖျက်သိမ်းပါနဲ့ လို့ တောင်းဆိုနေကြပါပြီ။

လက်မှတ်ထိုး ဆန္ဒဖော်ထုတ်တဲ့နေရာဖြစ်တဲ့ Change.org မှာ တောင်းဆိုနေကြပါတယ်။ လိပ်စာကhttp://www.change.org/petitions/google-please-don-t-kill-google-reader

ဒီဝန်ဆောင်မှုကို ဆက်လုပ်ပါ ဆိုတဲ့ KeepGoogleReader.com ကနေလည်း တောင်းဆိုနေကြပါတယ်။

စာဖတ်သူလည်း  Google Reader ကို သုံးပါသလား။ 
သုံးတယ် ဆိုရင် အဲဒီစာမျက်နှာတွေမှာ သွားရောက် မှတ်ချက်ပေးနိုင်ပါတယ်။ 

Sources:
http://mashable.com/2013/03/13/save-google-reader/
http://mashable.com/2013/03/14/google-reader-fan-site/

ဆောင်းဦးလင်း 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here