Wednesday, May 15, 2013

နမ့်ခမ်းမြို့ နယ် တိုက်ပွဲဖြစ်ရာ အနီးက ရွာများတွင် ပစ္စည်းလုယက်မှုများ ဖြစ်ပွားနေ

0 comments

မေလ ၁၅ ရက်

တရုတ်နိုင်ငံဘက်တွင် ခိုလှုံရောက်ရှိနေကြသူများ (ဓာတ်ပုံ – မူစယ်လူငယ်များ) 

နမ့်ခမ်းမြို့နယ် အတွင်းရှိ အစိုးရတပ်နဲ့ ပြည်သူ့စစ်များ ထိန်းချုပ်ရာ နောင်ခမ်းကျေးရွာရှိ နေအိမ်များအတွင်းက ပစ္စည်းများ၊ ငွေကြေးများ လုယက်ယူငင်သွားခြင်း ခံခဲ့ရတယ်လို့ တရုတ်နိုင်ငံဘက်ကို ခိုလှုံရောက်ရှိနေကြတဲ့ နောင်ခမ်းကျေးရွာသူ ကျေးရွာသားတွေရဲ့ အဆိုအရ သိရပါတယ်။

အစိုးရ အာဏာပိုင်များနဲ့ ရပ်ရွာလူကြီးများရဲ့ ညှိနှိုင်းချက်အရ မေလ ၁၃ ရက်နေ့က အမျိုးသမီးတွေကို နောင်ခမ်းရွာထဲ ဝင်ခွင့်ပေးခဲ့လို့ ဝင်ရောက်ကာ ကိုယ့်အိမ်က ကိုယ့်ပစ္စည်းများကို သွားရောက်သယ်ယူရာမှာ ရွာတွင်းရှိ အိမ်တိုင်းနီးနီး အထူးသဖြင့် ကုန်စုံဆိုင်ဖွင့်ရာ အိမ်များ ဖောက်ထွင်းခံရပြီး ပစ္စည်းများ လုယက်ယူငင်သွားတာခံရတာကို တွေ့ရကြောင်း သိရပါတယ်။

တမြန်နေ့က (မေလ ၁၃ ရက်) ရွာထဲက ဇရပ်မှာ အစည်းဝေးရှိတယ် ဆိုလို့ သွားကြတာ။ ယောက်ျားတွေ မဝင်ရဘူး။ မိန်းမတွေပဲ ဝင်ရတယ်။ ပြီးတော့ တစ်ခေါက်ကိုလည်း ၁၀ ယောက်ပဲ ဝင်ရတယ်။ ဇရပ်ရောက်တော့ ဘယ်သူမှ မတွေ့ရဘူး။ ပြည်သူ့စစ်တွေက ဘာမှ မဖြစ်တော့ဘူး၊ ကိုယ့်အိမ်ကိုယ် ပြန်ကြတော့ လို့ပဲ ပြောတယ်။ ဘာအစည်းအဝေးမှလည်း မဟုတ်ဘူး။ ရွာထဲကို ပြန်ဝင်ခိုင်းတာ သုံးရက်လောက်ရှိပြီ။ ပြန်သင့် မပြန်သင့် ရွာသားတွေ တိုင်ပင်နေကြတယ်။ တချို့ကတော့ မပြန်ရဲကြသေးဘူး။ ကိုယ့်အိမ်မှာလည်း ဘယ်သူမှ ပြန်မအိပ်ရဲကြဘူး။ ကိုယ့်ပစ္စည်းလေး ကိုယ်ပြန်သွားသယ်လာကြတယ်။ ကိုယ့်အိမ်တံခါးကိုယ် ပိတ်ထားရင်လည်း ခဏနေရင် လာဖွင့်သွားကြတယ်။ အိမ်တွေထဲမှာ ပစ္စည်းတွေ ပျောက်နေတာလည်း ရှိတယ်။ ရွှေငွေပိုက်ဆံတွေ ပျောက်တာလည်း ရှိတယ်။ အိမ်ဆိုင်တွေမှာ ခင်းထားတဲ့ ပစ္စည်းတွေလည်း ပျောက်ကြတယ်။ ဗမာစစ်သားတွေ ဖောက်တာတော့ မဟုတ်ဘူး။ ပြည်သူ့စစ်တွေပဲ အများဆုံး လိုက်ဖောက်နေတာက။ တချို့က ရှမ်းစကားပြောတယ်။ တချို့က ဗမာစကားပြောတယ်။ တချို့ကတော့ တရုတ်နဲ့ဆင်တယ် – လို့ တရုတ်နိုင်ငံဘက်ထဲမှာ ခိုလှုံနေသူ အမျိုးသား တစ်ဦးက ကော့လီကို ပြောပါတယ်။

နောင်ခမ်းကျေးရွာမှာ ကုန်စုံဆိုင် ဖွင့်လှစ် အသက်မွေးနေတဲ့ အသက် ၆၆ နှစ်အရွယ်ရှိ ဒေါ်မိုင်ခမ်းရွှေကြာ ကတော့ အခုလို ပြောပါတယ် – တစ်ရွာလုံးမှာ ကျွန်မတို့ အိမ်အများဆုံး ခံလိုက်ရတယ် ထင်ပါတယ်။ ငွေသိန်းနှစ်ဆယ်ကျော် ပါသွားတယ်။ ကျွန်မတို့ ပြန်သွားကြည့်တော့ မရှိတော့ဘူး။ ကျွန်မတို့ဆိုင်က ပစ္စည်းတွေဆိုရင် မွှေနှောက်သွားလိုက်ကြတာ ရစရာကို မရှိတော့ပါဘူး။ ပိုက်ဆံက သံသတ္တောထဲ သော့ခတ်ထည့်ထားတာကို သော့ဖျက်ပြီး ယူသွားကြတယ်။ အိပ်ယာအောက်ထားတဲ့ ပိုက်ဆံတောင် မချန်ဘူး။ အကုန်ယူသွားကြတယ် – မှတ်ပုံတင်လေးတော့ ချန်သွားကြပါတယ်။ လက်စွပ်တစ်ကွင်းလည်း ပါသွားတယ်။ ဧည့်လာစောင်လာထားတဲ့ စောင်ခြင်ထောင် ခေါင်းအုံး အသစ်တွေလည်း မကျန်တော့ဘူး။ ယူသွားကြတယ်။ အဝတ်အစား အသစ်တွေတောင် ယူသွားကြတယ်။ အိမ်တိုင်းလိုလို အဖောက်ခံလိုက်ရတယ်။ အဖောက်မခံရတဲ့အိမ် မရှိသလောက်ပါပဲ။ ကျွန်မတို့ ပစ္စည်းတွေ ပြန်သွားသယ်ကြတော့ သူတို့က (ပြည်သူ့စစ်များ) ပြောတယ် ရှာလို့ ရသမျှပစ္စည်းတွေကို ဥက္ကဋ္ဌဆီ အပ်ထားတယ်တဲ့။ ဥက္ကဋ္ဌကတော့ သူလည်း ဘာမှမသိရဘူး။ ဘာမှလည်း မရှိဘူးလို့ ပြောတယ်။ အိမ်ထဲမှာ ဘာမှမကျန်တော့ဘူး။ သေတ္တာထဲမှာရော၊ ဗီရိုထဲမှာရော ဘာမှမကျန်တော့ဘူး။ အသားဗူး၊ ငါးဗူးတွေလည်း မရှိတော့ဘူး။ သူတို့ကတော့ ဇရပ်နား၊ ဘုန်းကြီးကျောင်းနားမှာ နေနေကြတယ်။ ရွာလူကြီးတွေ ခေါင်းဆောင်ပြီးတော့ ဝင်သွားတာပါ။ ဥက္ကဋ္ဌလည်းပါတယ်လေ။ တရုတ်ပြည်ဘက်ကလည်း ဝင်သွားပါဆိုလို့ ကျွန်မတို့ ဝင်သွားကြတာပါ။ ဒီလောက်ကြီး ဆိုးရွားမယ်လို့ ကျွန်မတို့လည်း မထင်မှတ်ထားဘူး။ ဒီလိုကြီး မွှေနှောက်ကြမယ်လို့ မထင်ကြဘူးလေ။ အခုလို အကုန်ပါသွားတော့ ဘာနဲ့သွားစားကြရတော့မှာတုန်း။ ကျွန်မတို့မှာ လယ်လည်း မရှိ၊ ခြံလည်းမရှိ၊ ကျွန်မတို့ လင်မယား နှစ်ယောက်တည်း ရှိတာပါ။ အသက်လည်းကြီးလှပါပြီ။

နောင်ခမ်း၊ နောင်မတာ၊ မန်ကွန် ကျေးရွာများမှာ အခြေအနေ ရှုပ်ထွေးလျက်ရှိပြီး အစိုးရ စစ်တပ်နဲ့ ပြည်သူ့စစ်များက လုံခြုံရေးယူထားကာ RCSS/SSA ဘက်က ပြန်လည် ထိုးဖောက်ဝင်ရောက်လာမှာကို သတိထား စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။

Kawli Media

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here