Friday, July 26, 2013

RCSS/SSA (ရွက်ဆစ်)အဖွဲ့မှ ရာဘာစေးခြစ်အလုပ်သမားများနှင့် ဒေသခံရွာသား(၅၉)ဦးအား ဖမ်းဆီး ခေါ်ဆောင်သွားမှု မိုင်းယောင်းမြို့နယ်တွင် ဖြစ်ပွား

0 comments
ဇူလိုင်လ ၂၆ ရက်


မိုင်းယောင်းမြို့နယ် ၀မ်တပ်ကျေးရွာအုပ်စုတွင် ရာဘာစေးခြစ်အလုပ် လုပ်ကိုင်နေသော အလုပ်သမားများနှင့် ဒေသခံရွာသား(၅၉)ဦးအား ဇူလိုင် ၂၄ ရက် ည ၉ နာရီခွဲခန့်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/SSA(ရွက်ဆစ်)အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံရွာသား များ၏ ပြောပြချက်အရ သိရသည်။

“ဒီဝမ်တပ်အုပ်စုထဲမှာ ရော်ဘာစေးခြစ်တဲ့ခြံက ကျွန်တော်တို့ ဒီဝမ်ဒေးရွာက ဦးစိုင်းလုံခြံပဲရှိတာ၊ မနေ့က ည ၉ နာရီခွဲလောက် ခြံထဲကို ရှမ်းစစ်သားတွေ ၀င်လာတယ်၊ အလုပ်သမား(၃၀)ကို အတင်းဖမ်းခေါ်သွားတာ၊ ထွက်ပြေးတဲ့ လူလောက်ပဲလွတ်သွားတယ်၊ အခုချိန်ထိ ခြံထဲကို ပြန်မလာရဲကြသေးဘူး” ဟု ၀မ်ဒေးကျေးရွာ ဦးစိုင်းလုံရာဘာခြံမှ အလုပ်သမားတစ်ဦးက ပြောပြသွားသည်။

“ဒီရွာထဲကို ရှမ်းစစ်သားတွေ ည ၁၀ နာရီလောက် ၀င်သွားတာကို မြင်လိုက်ရတယ်၊ ကျွန်တော်က တောင်ယာ တဲမှာ အိပ်တာဆိုတော့ အခြေအနေကို စောင်ကြည့်သေးတယ်၊ ရွာသားတွေကို အတင်းဖမ်းသွာတာတွေ့တယ်၊ အုပ်ချုပ်ရေးမှူးကို မေးကြည့်တော့ (၁၁)ယောက်ပါသွားတယ်လို့ ပြောတယ်” ဟု ၀မ်ကျူးရွာသား ဦးစိုင်းမွန်းက ပြောပြသည်။

“၀မ်မိုင်ရွာထဲကို ၀င်လာတယ်၊ ပြီးတော့ ရွာသား(၁၈)ယောက်ပကို အတင်းဖမ်းသွားတယ်၊ အချို့ရွာသားတွေက ထွက်ပြေးလို့ လွတ်သွားတာ၊ အဲဒီနေ့ညက ကျွန်တော်လည်း ရွာထဲမှာမရှိဘူး၊ တောင်ပေါ်တက်ပြီး ၀ါးခုတ် နေလို့ လွတ်သွားတာ” ဟု ၀မ်မိုင်ရွာသား စိုင်းအိုက်ယုံက ပြောပြခဲ့သည်။

RCSS/SSA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသော ရာဘာစေးခြစ် အလုပ်သမားများထဲတွင် မိတ္ထီလာဘက်မှ အလုပ်လာလုပ်နေကြသော ဗမာလူမျိုးများပါဝင်ကြောင်း၊ အချို့ရွာသားများမှာ အသက်(၁၈)နှစ် မပြည့် သေးသော လူငယ်များဖြစ်ကြောင်း၊ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်၍ ကျေးရွာအုပ်ချုပ်ရေးမှူး များမှ မိုင်းယောင်းမြို့နယ်ရဲစခန်းသို့ သွားရောက်တိုင်ကြားရန်စီစဉ်နေကြကြောင်း ကျေးရွာ(၃)ရွာမှ ဖမ်းဆီးခံရ သူများမှာ စုစုပေါင်း(၅၉)ဦး ရှိကြောင်း သိရှိရပါသည်။

စိုင်းအောင်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here