Saturday, July 27, 2013

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် TNLA တို့ ဇူလိုင် ၃၁ ရက်တွင် မူဆယ်၌ ပထမဆုံးအကြိမ် တွေ့ဆုံမည်

0 comments
27.7.2013


ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ တို့သည် ဇူလိုင် ၃၁ ရက်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့၌ ပထမဆုံး တွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

ပြည်နယ်အဆင့် ဆွေးနွေးမည့် အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုးတို့ အပါအ၀င် ၁၃ ဦး တက်ရောက်မည်ဖြစ်ပြီး PSLF/TNLA ကိုယ်စားလှယ် အဖွဲ့တွင် ဒုတိယဗိုလ်မှူးကြီး တာဘုန်းကျော်၊ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးတားခူလန်း၊ ဗိုလ်မှူးတားရော့ခြူး၊ ဗိုလ်မှူးတာအောင်မြတ်တို့ အပါအ၀င် ကိုးဦး တက်ရောက်မည်ဟု သိရသည်။

ထို့အပြင် KIO၊ KNU၊ NMSP၊ SSPP နှင့် UWSA မှ ကိုယ်စားလှယ်များ၊ ပလောင်တိုင်းရင်းသား အဖွဲ့များမှ ခေါင်းဆောင်များ၊ တအောင်းအမျိုးသမီးနှင့် လူငယ်ခေါင်းဆောင်များလည်း အသိသက်သေများအဖြစ် တက်ရောက်မည်ဟု သိရသည်။ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) နှင့် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ သည် တစ်ကြိမ်တစ်ခါမျှ တွေ့ဆုံဖူးခြင်း မရှိသေးဘဲ ယခုပထမဆုံး အကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ် အချိန်ကပင် တပ်မတော်နှင့် TNLA တို့အကြား တိုက်ပွဲများ ဖြစ် ပွားခဲ့ပြီး စစ်ပြေးဒုက္ခသည် ၅၀၀၀ ကျော်အထိ ရှိခဲ့သည်။ ၂၀၁၃ ခုနှစ်အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ကာ ပြီးခဲ့သည့် ဇွန်လအတွင်းက အကြိမ် ၂၀ ခန့်ဖြစ်ခဲ့ပြီး ဇူလိုင်လတွင် ၁၀ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၄ ရက်ကလည်း အစိုးရတပ်များနှင့် TNLA တို့ ကွတ်ခိုင်မြို့နယ် အနောက်ဘက် ၇ မိုင်ခန့် အကွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲတွင် အစိုးရဘက်မှ သုံးဦးကျဆုံးခဲ့ကြောင်း သိရသည်။

ပလောင်တိုင်းရင်းသား နိုင်ငံရေး အင်အားစုဖြစ်သော တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)သည် ၂၀၀၅ ခုနှစ်တွင် ပလောင်ပြည် လွတ်မြောက်ရေးပါတီ (PSLF) လက်နက်ချခဲ့ပြီးနောက် ပေါ်ထွက်လာသည့် လက်နက်ကိုင်အဖွဲ့ ဖြစ်ပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ့်လမ်၊ လားရှိုး၊ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံ၊ မန်ဆန်၊ မန်းပန် ဒေသ များတွင် လှုပ်ရှားပြီး အင်အား ၁၀၀၀ ကျော်ခန့်ရှိသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here