Monday, August 12, 2013

ရဲ၊ မီးသတ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကို လူသတ်မှုဖြင့် စခန်းမှူးကိုယ်တိုင်အမှုဖွင့်

0 comments

သြဂုတ်လ(၁၂)ရက်
 ဒလမြို့နယ်တွင် ရဲ၊ မီးသတ်၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအ၀င် လူခြောက်ဦးကို လူသတ်မှုပုဒ်မဖြင့် မြို့နယ်ရဲစခန်းမှူးကိုယ်တိုင် စွပ်စွဲတိုင်တန်းသဖြင့် သြဂုတ် ၁၀ ရက်တွင် အမှု ဖွင့်စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန် ၂၉ ရက်ညက ဒလမြို့နယ် ညောင်ကုန်းရပ်ကွက်မှ အသက် ၄၂ နှစ်အရွယ် မလှလှစိန် (ခ) မခင်ခင်ဝင်း သည် လမ်းတွင် မိတ်ဆွေတစ်ဦးကိုတွေ့ရာ “သူတို့ တွေဝိုင်းရိုက်တယ်၊ ရေထဲတွန်းချ တယ်” ဟု ပြောကာ မူးမေ့တက်ချက်သွားသဖြင့် ဒလဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

နောင်တွင် သူမကိုတာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံသို့ လွှဲပြောင်းကုသသော်လည်း ဇူလိုင် ၃ ရက်တွင် သေဆုံး ခဲ့သည်။

ထိုအမှုသည် မြို့နယ်စခန်းမှူးကိုယ်တိုင် ရဲ၊ မီးသတ်၊ အုပ်ချုပ်ရေးတာဝန်ရှိသူများကို အမှုဖွင့်လိုက်သည့် ယခုအမှုနှင့် ကွင်းစက်ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သေဆုံးသူ၏အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရီက သူ့ညီမသေဆုံးသည်မှာ သွေးရိုးသားရိုး မဖြစ်နိုင်ကြောင်း သံသယ ရှိသဖြင့် ၎င်းဘာသာစုံစမ်းပြီး သြဂုတ် ၅ ရက်က ရဲစခန်းတွင် အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးများက သူ့ညီမကို သေသည်အထိရိုက်သည်ဟု စွပ်စွဲကာတိုင်တန်းခဲ့သည်။

ထို့အတူပင် မလှလှစိန်သေဆုံးမှုကို ကနဦးကရဲများက သေမှုသေခင်းဖြင့် အမှုဖွင့်ထားခဲ့သော်လည်း ထိုအမှုနှင့် ပတ်သက်၍ မြို့နယ်ဥပဒေရုံးသို့ ဥပဒေအကြံပြုချက် တောင်းခံရာတွင် ထိုရုံးကသြဂုတ် ၈ ရက်၌ ယင်းလူသေမှုကို လူသတ်မှုဖြင့် ပြောင်းလဲစစ်ဆေးသင့်သည်ဟု ပြန်လည်အကြောင်း ကြားလာခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် သေဆုံးသူမလှလှစိန် သေဆုံးမှုနှင့်ပတ်သက်၍ သေသူ၏အစ်မကိုပင် တရားလိုမလုပ်စေတော့ဘဲ မြို့နယ်စခန်းမှူးကိုယ်တိုင် တရားလိုလုပ်ကာ ရဲ၊ မီးသတ်၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအ၀င် လူခြောက်ဦးကို လူသတ်မှုဖြင့်စွပ်စွဲ၍ အမှုဖွင့်လိုက်ခြင်းဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်၍ စွပ်စွဲခံရသူများမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညွန့်လှိုင်၊ ရာအိမ်မှူး ဦးပါ(ခ) ဦး အောင်မြင့်၊ ဆယ်အိမ်မှူး ဦးသိန်းထွန်း(ခ)ဦးကမာဒူး၊ ဆယ်အိမ်မှူး ဦးကျော်ဦး(ခ)အပု၊ ရဲတပ်ကြပ်ကြီး မြအေး၊ အရန်မီးသတ် တပ်စုမှူး ဒေါ်သန်းသန်းဝင်း (ခ)မစိမ်းတို့ဖြစ်ကြသည်။

၎င်းတို့သည် သေဆုံးသူ မလှလှစိန်နှင့်မည်သို့အချင်းများကာ၊ ယခုလိုသေဆုံးသည် အထိဖြစ်ပွားခဲ့သည်ကိုမူ အသေးစိတ် မသိရသေးပေ။

ယခုအမှုကို ဒလရဲစခန်းတွင် အမှုအမှတ် (ပ)၃၅၃/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံရသူများကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂ လူသတ်မှုဖြင့် တရားစွဲဆိုမည်ဟုလည်း တိုင်းရဲတပ်ဖွဲ့မှူး၏ သတင်းထုတ်ပြန်ချက်တွင်
ပါရှိသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ဒလရဲစခန်းသို့ မဇ္ဈိမကဆက်သွယ်မေးမြန်းရာ စခန်းမှူးကိုယ်တိုင် တာဝန်ယူ စစ်ဆေးနေကြောင်း တာဝန်ကျရဲက အတည်ပြုပြောကြားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burme

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here