Wednesday, August 14, 2013

တနင်္သာရီတိုင်းတွင် ဆီအုန်းခြံစိုက်ပျိုးရန် ရယူထားသော စိုက်ဧကအတိုင်း အမှန်တစ်ကယ် မစိုက်ပျိုးနိုင်ပါက မြေရယူထားမှုအပေါ် တန်ဖိုးအလိုက် အခွန်ကောက်ခံပြီး ပြန်လည်သိမ်းဆည်းသွားမည်

0 comments

သြဂုတ်လ(၁၄)ရက်
Photo: တနင်္သာရီတိုင်းတွင် ဆီအုန်းခြံစိုက်ပျိုးရန် ရယူထားသော စိုက်ဧကအတိုင်း အမှန်တစ်ကယ် မစိုက်ပျိုးနိုင်ပါက မြေရယူထားမှုအပေါ် တန်ဖိုးအလိုက် အခွန်ကောက်ခံပြီး ပြန်လည်သိမ်းဆည်းသွားမည်

14.8.2013

တနသာင်္ရီတိုင်းဒေသကြီး အတွင်းရှိ ဆီအုန်းစိုက်ပျိုးသူများ အနေဖြင့် ဆီအုန်းခြံ စိုက်ပျိုးရန် မိမိတို့ တင်ပြရယူထားသော စိုက်ဧကအတိုင်း အမှန်တကယ် မစိုက်ပျိုးနိုင်ပါက မြေရယူထားမှုအပေါ် တန်ဖိုးအလိုက် အခွန်ကောက်ခံပြီး ပြန်လည်သိမ်းဆည်းသွားမည်ဟု သြဂုတ် ၁၂ ရက်က ထားဝယ်မြို့တွင် ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီး ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲတွင် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့သည်။

"တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှာ ဆီအုန်းစိုက်ဖို့ဆိုပြီး လုပ်ငန်းရှင်တွေက မြေဧကများစွာ ရယူထားပေမယ့် ရယူထားတဲ့ မြေဧကအတိုင်း ပြည့်မီအောင် မစိုက်ကြပါဘူး။ ဒီတော့ သူတို့ကိုချပေးတဲ့မြေတွေ အလကား ဆုံးရှုံးနေတာပေါ့။ ဆီအုန်းစိုက်ပျိုးတဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ ကိုယ်ရယူထားတဲ့ မြေဧကအတိုင်း ပြည့်အောင်မစိုက်နိုင်ဘူးဆိုရင် ရယူထားတဲ့မြေဧကအလိုက် အခွန်တွေကောက်ပြီး ပြန်သိမ်းရပါလိမ့်မယ်" ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး အတွင်းတွင် ကုမ္ပဏီ ၄၁ ခုအား ဆီအုန်းစိုက်ပျိုးရန် ဧရိယာ ၉၉၂၉၀၂ ဧက ခွင့်ပြုပေးထားသော်လည်း ၃၀၅၈၇၂ ဧကသာ စိုက်ပျိုးထားပြီး စိုက်ပျိုးရန် ၆၈၇၀၃၀ ဧက ကျန်နေကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအုန်းသန်းက ဇူလိုင် ၂၉ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

တနင်္သာရီတိုင်းအတွင်း ဆီအုန်းစိုက်ပျိုးမှု အများဆုံးဖြစ်သည့် ကော့သောင်းခရိုင်အတွင်း စိုက်ပျိုးခွင့် ရယူထားသည့် ကုမ္ပဏီ ၁၉ ခုရှိပြီး ယုဇနကုမ္ပဏီသည် ဧက ၂၈၃၀၉၄ ရယူထားသော်လည်း ၁၇၆၄၃၄ ဧကသာ စိုက်ပျိုးထားကြောင်း ဧကအားလုံး စိုက်ပျိုးပြီးစီးသည့် ကုမ္ပဏီ သုံးခုသာရှိပြီး ၎င်းကုမ္ပဏီများမှာ စူပါဝမ်းကုမ္ပဏီမှ ဧက ၇၅၀၊ မြန်မာနိုင်ကုမ္ပဏီမှ ဧက ၇၀၀၀၀၊ အောင်ရည်ဖြိုးကုမ္ပဏီမှ ဧက ၂၀၀ တို့ဖြစ်ကြောင်း သိရသည်။

ဆီအုန်းစိုက်ရန် ဧက ၁၃၃၆၀၀ ရယူထားသည့် အေအိုင်ဂျီ ကုမ္ပဏီသည် ဧက ၂၀၊ တော်ဝင်ရွှေပုလဲ ကုမ္ပဏီသည် ဧက ၃၁၀၀၀ ရယူထားပြီး ၅၉၃ ဧက၊ ရွှေအဟုန်ကုမ္ပဏီသည် ဧက ၄၉၆၀၀ ရယူထားပြီး ၂၄၆ ဧကတို့သာ စိုက်ပျိုးထားကြောင်း သိရသည်။ စိုက်ပျိုးမြေ ရယူထားသော်လည်း စိုက်ပျိုးခြင်း မရှိသည့် ကုမ္ပဏီလေးခုတွင် မြန်မာ့သြဘာ ကုမ္ပဏီသည် ဧက ၁၈၅၀၀၊ အဲဗားဂရင်း ကုမ္ပဏီသည် ဧက ၇၀၀၀၊ တောင်ပိုင်းရွှေရောင်အလင်းတန်း ကုမ္ပဏီ ဧက ၁၂၈၀၀၊ ရွှေမြေရတနာ ကုမ္ပဏီသည် ဧက ၂၅၀၀၀ တို့ဖြစ်ကြောင်း ဒုတိယ၀န်ကြီး ဦးအုန်းသန်းက ဆက်လက်ပြောကြားခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ဆီအုန်းခြံတစ်ခြံအား တွေ့ရစဉ်

Eleven Media Group

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here