Wednesday, September 18, 2013

ကုန်သွယ်ရေးယာဉ်များ ဆိပ်ကမ်းများ ဆိုက်ကပ်ရာတွင် ပိုမိုလွယ်ကူစေရန် FAL Convention သို့ ၀င်ရောက်ရန် ဆွေးနွေး

0 comments
ကုန်သွယ်ရေးယာဉ်များ ဆိပ်ကမ်းများသို့ ဆိုက်ကပ်ရာတွင် ပိုမိုလွယ်ကူ စေရန်အတွက် FAL Convention သို့ ၀င်ရောက်ရန် စက်တင်ဘာ ၁၆ ရက်က မြတ်တော်ဝင်ဟိုတယ် အစည်းအဝေးခန်းမတွင် ကျင်းပသည့် ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ပြုလုပ်သည့် ဆွေးနွေးပွဲ၌ ဆွေးနွေးခဲ့ကြောင်း သိရသည်

FAL Convention ၏ ရည်ရွယ်ချက်သည် ကုန်သွယ်ရေး ရေကြောင်းသွားလာမှုများတွင် ရေယာဉ်များ ဆိပ်ကမ်းများသို့ ဆိုက်ရောက်ခြင်း၊ ဆိုက်ကပ်ရပ်နားခြင်းနှင့် ထွက်ခွာသည့် အခါများတွင် လိုအပ်သော လုပ်ထုံးလုပ်နည်းများ၊ စာရွက်စာတမ်း လိုအပ်ချက်များ၊ လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို အနည်းဆုံးဖြစ်အောင် လျှော့ချခြင်းဖြင့် ပိုမိုလွယ်ကူအောင် ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊ ရေယာဉ်များ ဆိပ်ကမ်းများသို့ ၀င်ရောက်ခြင်း၊ ဆိုက်ကပ်ရပ်နားခြင်းနှင့် ထွက်ခွာသည့် အခါများတွင် တင်ပြရသည့် စာရွက်စာတမ်း ပုံစံများကို နိုင်ငံများ အားလုံးတွင် တူညီသော စံနှုန်းများ ကျင့်သုံးခြင်းဖြင့် မလိုလားအပ်သော ကြန့်ကြာမှု၊ အဆင်မပြေဖြစ်မှုများ၊ အကြောင်းအရာ တစ်ခုတည်းကို ပုံစံကွဲအမျိုးမျိုးဖြင့် ဖြည့်စွက်ရခြင်းများကို ပယ်ဖျောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

FAL Convention အရ သတ်မှတ်ပေးထားသော ပုံစံ ၇ မျိုး ရှိသည်။ အဆိုပုံစံများမှာ ရေယာဉ်ဆိပ်ကမ်းများသို့ ၀င်ရောက်၊ ဆိုက်ကပ်၊ ထွက်ခွာသည့် အခါများတွင် ဆိပ်ကမ်းအာဏာပိုင်၊ လူဝင်မှု ကြီးကြပ်ရေး၊ အကောက်ခွန်၊ ကျန်းမာရေး၊ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့တင်ပြရသည့် ပုံစံများကို နိုင်ငံများအားလုံး တစ်ပြေးညီ လိုက်နာကျင့်သုံးလျှင် စစ်ဆေးမှုအပိုင်းများတွင် ပိုမိုလျှင်မြန်လာပြီး ကုန်ကျစရိတ် လျော့နည်းလာမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိကာလတွင် နိုင်ငံပေါင်း ၁၁၅ နိုင်ငံမှ လက်မှတ်ရေးထိုးထားပြီး တစ်ကမ္ဘာလုံးမှ ရေယာဉ်များတန်ချိန် စုစုပေါင်း၏ ၉၀ ဒသမ ၇၇ ရာခိုင်နှုန်း အကျူံးဝင်ကြောင်း သိရသည်။ ယခုလက်ရှိတွင် မြန်မာနိုင်ငံ၏ အိမ်နီးနားချင်းနှင့် အာဆီယံ နိုင်ငံများဖြစ်သော ဘဂ်လားဒေ့ရှ်၊ အိန္ဒိယ၊ ထိုင်း၊ တရုတ်၊ စင်ကာပူ၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့မှာ လက်မှတ်ရေးထိုးထားကြောင်း သိရသည်။

FAL Convention မှာ IMO ၏ အရေးပါသော ကွန်ဗင်းရှင်းတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၁၁၅ နိုင်ငံ လက်မှတ်ရေးထိုး ပါဝင်ကြောင်း၊ ယခု Seminar ကို ကျင်းပခွင့် ရရှိသဖြင့် ဤကွန်ဗင်းရှင်းကို မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများ ပိုမိုရှင်းလင်းစွာ နားလည်သဘောပေါက် လာနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ဤကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးနိုင်ရေး ပြင်ဆင်ရာတွင် နိုင်ငံ၏ လက်တွေ့အခြေအနေနှင့် တွေ့ကြုံနိုင်သည့် အခက်အခဲများကို ၀ိုင်းဝန်းသုံးသပ် ရှာဖွေနိုင်ပြီး လွယ်ကူလျင်မြန်စွာ အဖြေရှာ ဖြေရှင်းသွားနိုင်မည်ဖြစ်ကြောင်း၊ ထပ်မံဖြည့်စွက် ပြဋ္ဌာန်းရန် လိုအပ်သည့် ဥပဒေများကိုလည်း အချိန်မီပြုစု ပြဋ္ဌာန်းနိုင်ရန် အထောက်အကူပြုနိုင်မည်ဟု ပို့ဆောင်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဟန်စိန်က ပြောကြားခဲ့သည်။

Eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here