မြန်မာတိုင်းမ်
မြောက်ကိုရီးယားနိုင်ငံ၏တရားဝင်အခမ်းအနားများတွင်ခေါင်းဆောင်ကင်ဂျုံအန်းနှင့်အတူတွဲ၍ မြင်တွေ့ နေရသော အမျိုးသမီးငယ်တစ်ဦးမှာမည်သူမည်ဝါဖြစ်ကြောင်းရက်သတ္တပတ်များစွာခန့်မှန်းပြောဆိုမှုများ ပေါ်ပေါက်ခဲ့ပြီးေ နာက် ၎င်းမှာ ခေါင်းဆောင် ကင်ဂျုံအန်း၏ဇနီး ဖြစ်သည်ဟု နိုင်ငံပိုင်သတင်းဌာနက ဇူလိုင်လ ၂၅ ရက်နေ့က အတည်ပြု ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ဥပဒေပြုလွှတ်တော် အမတ်တစ်ဦး ဖြစ်သည့် ဂျန်ဂျွန်ရိုင်းက ကင်ဂျုံအန်းသည် ၂၀၀၉ ခုနှစ်ကတည်းက လက်ထပ်ခဲ့ပြီး ၎င်း၏ဇနီးမှာ တောင်ကိုရီးယားသို့ လာရောက် လည်ပတ်ခဲ့ဖူးကြောင်း ဇူလိုင်လ ၂၆ ရက်နေ့က ပြောကြားခဲ့သည်။
အသက် ၃၀ နီးပါးရှိမည်ဟု ခန့်မှန်းရသော ကင်မှာ ပြီးခဲ့သော ဒီဇင်ဘာလက ၎င်း၏ဖခင် ကင်ဂျုံအီးလ်ကွယ်လွန် ပြီးနောက် နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံ၏ စစ်သေနာ ပတိချုပ်လည်းဖြစ်သော ကင်ဂျုံအန်းက ကွန်မြူနစ်ပါတီ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ၎င်း၏ဇနီး ရီဆိုလ်ဂျူနှင့်အတူ ဇူလိုင် လ ၂၅ ရက်နေ့တွင် ကျင်းပသော 'နွန်ဂရာ' ပြည်သူ့အပန်းဖြေဥယျာဉ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ သည်ဟု နိုင်ငံပိုင်သတင်းဌာနက ဖော်ပြ ခဲ့သည်။
အဆိုပါ အမျိုးသမီးကို ဇူလိုင်လ ၆ ရက်နေ့က ပြုံယန်းတွင် ကျင်းပသော တေးဂီတဖျော်ဖြေပွဲတစ်ခု၌ ကင်ဂျုံအန်း နှင့် ပထမဆုံး အကြိမ် အတူတွဲ၍ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဇူလိုင်လ ၈ ရက် နေ့တွင် ကင်ဂျုံအန်းက ၎င်း၏အဘိုး ဖြစ်သူ မြောက်ကိုရီးယားနိုင်ငံ၏ ဖခင်ကြီး ကင်အီဆွန်း၏ ဂူဗိမာန်သို့သွား ရောက်ခဲ့ရာ ယင်းအမျိုးသမီးက ကင်ဂျုံအန်း၏ဘေးမှ အတူတွဲလျှောက်လာသည်ကို တွေ့ခဲ့ရသည်ဟုဆိုသည်။
ဇူလိုင်လ ၁၅ ရက်နေ့ကလည်း မူကြို ကျောင်းတစ်ကျောင်းသို့ သွားရောက် ရာတွင် ၎င်းက ကင်၏ဘေး၌ နီးနီး ကပ်ကပ်ရပ်နေသည့် ပုံများကို နိုင်ငံပိုင် ရုပ်သံလွှင့်ဌာနက ဖော်ပြခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင် ဂျုံအန်း၏ဇနီးသည် ယခင်က အဆိုတော် တစ်ဦးဖြစ်ပြီး ၎င်း၏ ဖျော်ဖြေပွဲတစ်ခုတွင် ကင်ကတွေ့ရှိကာ မေတ္တာသက်ဝင် ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား သတင်းဌာနက ဖော်ပြခဲ့သည်။