Wednesday, August 22, 2012

မော်တော်ကား အမျိုးမျိုးနှင့် ကုန်ပစ္စည်းများအား အရစ်ကျ စနစ်ဖြင့် ရောင်းချမည့်ပြပွဲ ကျင်းပမည်

0 comments

From : Internet Journalမော်တော်ကား အမျိုးအစားပေါင်းများစွာ အပါအဝင် ကုန်ပစ္စည်း အမျိုးမျိုးအား အရစ်ကျ စနစ်ဖြင့် ရောင်းချမည့် ပြပွဲတစ်ရပ်ကို လာမည့် စက်တင်ဘာလအတွင်း ကျင်းပမည် ဖြစ်ကြောင်း အဆိုပါ ပြပွဲအား ကြီးမှူးကျင်းပမည့် Creation Strength ကုမ္ပဏီ လီမိတက်မှ တာဝန်ရှိသူက ပြောသည်။ ၆.၉.၂၀၁၂ မှ ၉.၉.၂၀၁၂ အထိ မနက် (၉) နာရီမှ ည (၉) နာရီအချိန် မြန်မာကွန်ဗင်းရှင်း စင်တာ (MCC) ခန်းမတွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါ ပြပွဲကို The Most Amazing Exhibition & Car Show ဟု အမည်ပေးထားကြောင်း သိရသည်။
ကုန်စည်ပြပွဲတွင် ပြည်တွင်းပြည်ပမှ မော်တော်ယာဉ် အမျိုးမျိုးနှင့် ကားပစ္စည်းမျိုးစုံ၊ IT နှင့် မိုဘိုင်းဆက်စပ် ပစ္စည်းများ၊ ဆောက်လုပ်ရေးနှင့် အိမ်ရာ အရောင်းပြခန်းများ၊ အိမ်တွင်း အလှဆင် ပစ္စည်းများ၊ အီလက်ထရွန်နစ် ပစ္စည်းများ၊ အိမ်တွင်း ပရိဘောဂ ပစ္စည်းများ၊ လူသုံးကုန်နှင့် အလှကုန် ပစ္စည်းများ၊ အဝတ်အထည်နှင့် လက်ဝတ်ရတနာ ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ၊ ဆေးဝါးနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အရစ်ကျစနစ် ရောင်းချရာတွင် ကမ္ဘောဇဘဏ်နှင့် ချိတ်ဆက်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟန်းဆက်မှအစ ရွှေထည်ပစ္စည်း အမျိုးမျိုး၊ ကားအမျိုးမျိုး၊ တိုက်ခန်းအမျိုးမျိုးတို့ကို အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ “အရစ်ကျ ဝယ်မယ်ဆိုရင် ၂၀ ရာခိုင်နှုန်းကို အရင်ပေးချေရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ငွေကို ပစ္စည်းတန်ဖိုးပေါ် မူတည်ပြီး ပေးချေရမှာပါ။ အများဆုံးကာလ ၄၈ လ (၄ နှစ်) သတ်မှတ် ထားပါတယ်” ဟု ပြပွဲကျင်းပရေး ကော်မတီမှ တာဝန်ရှိသူက ပြောသည်။ ပစ္စည်းတန်ဖိုးပေါ် မူတည်၍ အနည်းအများအလိုက် ၄ နှစ်အထိ ပေးချေနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲ၌ ရရှိသော အကျိုးအမြတ်များကို သီလရှင် စာသင်ကျောင်း ဆောက်လုပ် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here