Thursday, August 23, 2012

ဝန်ကြီးဌာနများ၏ ဆိုက်ဘာလုံခြုံရေး တိုးမြှင့်ရန် အမျိုးသားဆိုက်ဘာ ကော်မတီ အကြောင်းကြားထား

0 comments
ပြည်ပဟက်ကာအဖွဲ့များ၏ ဆိုက်ဘာတိုက်ခိုက်မှုများ ထပ်မံမခံရစေရေးအတွက် အစိုးရဝန်ကြီးဌာနများအား အင်တာနက် ကွန်ရက်လိုင်းများအား လုံခြုံရေးစနစ် တိုးမြှင့်ထားရန်နှင့် တိုက်ခိုက်ခံရမှုမှ ကာကွယ်နိုင်မည့် နည်းလမ်းများအား မြန်မာနိုင်ငံ အမျိုးသားဆိုက်ဘာ လုံခြုံရေးကော်မတီမှ ဝန်ကြီးဌာန အသီးသီးသို့ အသိပေး အကြောင်းကြားထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။ “ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက် အတိုက်ခံရပြီးကတည်းက အမျိုးသားဆိုက်ဘာ လုံခြုံရေးကော်မတီက အစည်းအဝေးလုပ်ပြီး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွေ ဒီလိုမျိုးထပ်ပြီး မတိုက်ခံရဖို့ကို ဘယ်လိုကာကွယ်ရမယ်ဆိုတာနဲ့ ပြည်ပက ဘယ်အဖွဲ့အစည်းတွေက မြန်မာနိုင်ငံရဲ့ အင်တာနက်ကွန်ရက်တွေကို ဝင်တိုက်နေတယ် ဆိုတာကို ပြောသွားတယ်။ အဲဒီနောက် ဝန်ကြီးဌာနအသီးသီးကို အင်တာနက် ကွန်ရက်စနစ်တွေရဲ့ လုံခြုံရေးကို စနစ်တကျ တိုးမြှင့်ထားဖို့နဲ့ ၂၄ နာရီပတ်လုံး ကွန်ရက်တွေကို စောင့်ကြည့်ဖို့ အကြောင်းကြားစာ ပို့လာတယ်” ဟု ၄င်းကဆိုသည်။ ထို့အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အမျိုးသားဆိုက်ဘာ လုံခြုံရေးကော်မတီမှ ပေးပို့သော အကြောင်းကြားစာအရ ဝန်ကြီးဌာန တစ်ခုချင်းစီအလိုက် အရေးကြီးသော Data များအား ပြည်ပဟက်ကာများ၏ ခိုးယူဖျက်ဆီးခြင်း မပြုလုပ်နိုင်ရန်အတွက် Data လုံခြုံရေးကို တိကျစွာ လိုက်နာဆောင်ရွက်သွားရန်၊ ISP များအလိုက် တာဝန်ကျသူများက Data စီးဆင်းမှုအား ၂၄ နာရီ စောင့်ကြည့်ရန်နှင့် တိုက်ခိုက်ခံရပါက Data များ ဆုံးရှုံးမှုမရှိစေရန် ဌာနအလိုက် ကွန်ပျူတာ ကျွမ်းကျင်ပညာရှင်များအား အသိပေးအကြောင်းကြား၍ အမြန်ဆုံး ပြန်လည်ပြင်ဆင်ရမည်ဟု ပါရှိကြောင်း ပြောသည်။ “ဆိုက်ဘာလုံခြုံရေး ကော်မတီကပို့တဲ့ အကြောင်းကြားစာကတော့ ဝန်ကြီးဌာနအလိုက် အင်တာနက်ကွန်ရက် လုံခြုံရေးကို တိုးမြှင့်ဖို့ပဲ” ဟု ၄င်းက ဆိုသည်။ အင်တာနက် ကွန်ရက်များအား ဝင်ရောက် တိုက်ခိုက်နေမှုများအား ကာကွယ်နိုင်ရန်အတွက် ပြည်ပရောက် မြန်မာအိုင်တီ ပညာရှင်များနှင့် ပြည်တွင်းရှိ မြန်မာအိုင်တီ ပညာရှင်များအား အမျိုးသားဆိုက်ဘာ လုံခြုံရေးကော်မတီမှ အလွတ်သဘောဖြစ်စေ၊ တရားဝင်ဖြစ်စေ ပူးပေါင်းကာကွယ်ရန်အတွက် ဖိတ်ခေါ်ထားကြောင်း သိရသည်။ ယင်းကဲ့သို့ ပြည်ပဟက်ကာများ၏ အလွယ်တကူ ဝင်ရောက်တိုက်ခိုက်မှုကို ခံခဲ့ရခြင်းမှာ လုံခြုံရေးစနစ်များ ချို့တဲ့မှုကြောင့်လည်း ပါဝင်ကြောင်း၊ ထိုလုံခြုံရေးစနစ်များ ကောင်းမွန်စေရန် ဆက်သွယ်ရေးဝန်ကြီးဌာနအား အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းစေကာ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်အား အချိန်ပြည့် စောင့်ကြည့်စေရန် အမျိုးသား ဆိုက်ဘာလုံခြုံရေး ကော်မတီမှ တာဝန်ပေးအပ်ထားကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
 
ref : ခေတ်လူငယ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here