မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးချစ်ခိုင်က ”ဆန်ဈေးက အခုနည်းနည်းတက်တယ်။ ရေကြောင့် သယ်ယူပို့ဆောင်ရ ခက်ခဲတဲ့အတွက်ပါ။ နည်းနည်းတက်တယ်ဆိုပေမယ့်လည်း နိုင်ငံတော်အရန်ဆန်ကို ထုတ်ရောင်းပြီး အခုဈေးထက်ထပ်ပြီး မတက်အောင် ထိန်းသွားမှာပါ။ လာမယ့် စက်တင်ဘာ လဆန်းမှာ စပြီးထုတ်ရောင်းသွားမယ်”ဟု ပြောကြားခဲ့သည်။ဈေးကွက်အတွင်းသို့ အရန်ဆန်များအား သတ်မှတ်ဈေးဖြင့် ထုတ်ရောင်းကာ လက်ရှိဆန်ဈေး ထက်မြင့်တက်မှု မရှိစေရန် ဈေးနှုန်းထိန်းသိမ်းသွားမည်ဖြစ်ပြီး နိုင်ငံတော်အရန်ဆန်အကြောင်းပြကာ အမြတ်ထုတ်မှုမရှိစေရန်အတွက် လည်း ထုတ်ရောင်းပေးမည့်စနစ်ကို ဆွေးနွေးနေပြီဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးချစ်ခိုင်က ”နိုင်ငံတော် အရန်ဆန်ထုတ်ရောင်းတဲ့အခါ ကုန်စည်ဒိုင်တွေအပါ အ၀င် ဈေး ကွက်အတွင်းကို ဘယ်ကစပြီးဖြန့်မယ်ဆိုတာကို ဆွေးနွေးထားပြီးပြီ။ အဓိကအချက်ကတော့ နိုင်ငံတော်အရန်ဆန် ရောင်းချမှုမှာ အမြတ်ထုတ်မှုမပြုနိုင်တဲ့ စနစ်မျိုးနဲ့ ဖြန့်ဖို့အတွက် အဓိကဆွေးနွေးနေတာပါ”ဟု ပြောပြခဲ့သည်။
ရန်ကုန်ဆန်ဈေးကွက်၌ နှစ်ပတ်အတွင်း ဆန်အချောအကြမ်းဈေးနှုန်းများမှာယခင်ကထက် ၁၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ အထူးသဖြင့် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်းဒေသကြီး အပါအ၀င် ပြည်နယ်အချို့ရှိ လယ်ယာ မြေများ ရေနစ်မြုပ်ပြီးနောက် ယခုကဲ့သို့ မြင့်တက်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ယခုမိုးစပါးစိုက်ရာသီ၌ လယ်မြေဧက ငါးသိန်းသုံးသောင်းကျော် ရေနစ်မြုပ်ခဲ့ပြီး အချို့မှာ ယခုအထိပင် ဆက်လက်ရေ နစ်မြုပ်နေ သည့် ဒေသများရှိသေးကြောင်း သိရသည်။ ထိုသို့ ရေနစ်မြုပ်သည့်အတွက် သယ်ယူပို့ဆောင်ရေး အခက်အခဲ၊ စပါးဝယ်ယူကာ ကြိတ်ခွဲနေသည့် ဆန်စက် များအနေဖြင့်လည်း ၀ယ်ယူကြိတ်ခွဲနိုင်ခြင်း နည်းပါး၍ ရန်ကုန်သို့ နယ်မှ ဆန်အ၀င် နည်းပါးခြင်းများကြောင့် ယခုကဲ့သို့ ဆန်ဈေး အနည်းငယ် မြင့် တက် ရခြင်းဖြစ်သည် ဟု လုပ်ငန်းရှင်များက ပြောကြားသည်။
ဆန်ချော(ပေါ်ဆန်း)ဆိုပါက တစ်အိတ်လျှင် ယခင်ကထက် ကျပ် ၁၀၀၀ မှ ကျပ် ၂၀၀၀ ထပ်မံမြင့်တက်ပြီး ဆန်ကြမ်း(မနောသုခ၊ ဇီယာ၊ ငစိန်)ဆိုပါက တစ်အိတ်လျှင် ကျပ် ၂၀၀၀ မှ ၃၀၀၀ အထိ ထပ်မံမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
ဘုရင့်နောင် ကုန်စည်ဒိုင်မှ ဆန်ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ”နှစ်တိုင်း မိုးတွင်းဆိုရင် ဆန်ဈေးက အနည်းနဲ့အများ တက်လေ့ရှိပါတယ်။ အခုအိတ်ဈေးက တစ်အိတ်ကို ကျပ် ၂၀၀၀ တက်တယ်ဆိုရင် လက်လီရောင်းတဲ့ တစ်ပြည်ဈေးမှာ ကျပ် ၁၀၀ လောက်ပဲ တက်တာပါ။ အများကြီးတက်တာတော့ မဟုတ် ဘူး။ နိုင်ငံတော်အရန်ဆန် ထုတ်ရောင်းပြီး ဈေးထိန်းတာကတော့ အခုကတည်းကလုပ်တာ ပိုကောင်းပါတယ်။ စားသုံးသူတွေ စိတ်အေးရ တာပေါ့”ဟု ပြောပြခဲ့သည်